Pages

Tuesday, August 13, 2013

သမ္မတဦးသိန်းစိန်နှင့် ဂျပန်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးတို့ တွေ့ဆုံပြီး ရန်ကုန်-မန္တလေး အမြန်ရထားလမ်း အဆင့်မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေး

သြဂုတ်လ(၁၃)ရက်

13.8.2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ မြေယာ၊ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး H.E. Mr. Akihiro OHTA တို့သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၌ တွေ့ဆုံပြီး ရန်ကုန်-မန္တလေး အမြန်ရထား လမ်းပိုင်းလိုက် အဆင့်မြှင့်တင်ရေး အပါအ၀င် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မြို့ပတ်ရထားများ အဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊ မန္တလေးလေဆိပ် အဆင့်မြှင့်တင်ရေးနှင့် သဘာဝဘေး ကာကွယ်ရေးအတွက် အကူအညီပေးရေး စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အစဉ်တစိုက် အားပေးထောက်ခံခဲ့မှု၊ ငွေကြေးနှင့် နည်းပညာ အကူအညီများ ပေးအပ်ခဲ့မှုတို့အတွက် ဂျပန်နိုင်ငံအား အထူးကျေးဇူးတင်ကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်မည်ဟု သိရှိရသဖြင့် ၀မ်းမြောက်ကြောင်း၊ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင်လည်း ဂျပန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်ရရှိ၍ ၀မ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ၀န်ကြီးသည် သြဂုတ် ၁၁ ရက်က သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရန်ကုန်မြို့ပတ် ရထားပြေးဆွဲမှုတို့ကို လေ့လာခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment