Pages

Monday, August 12, 2013

အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ငြင်းပယ်ထားသည့် Huawei ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier အဖြစ် ခန့်အပ်ထား



သြဂုတ်လ(၁၂)ရက်

အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ၎င်းတို့၏ စီမံကိန်းများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းကို ငြင်းဆိုခံထားရသည့် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီကို မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier ကုမ္ပဏီအဖြစ် လုပ်ကိုင်လျက် ရှိနေသည်။

တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Myanmar Post and Telec ommunication (MPT)၊ ရတနာပုံ တယ်လီပို့စ်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကမှ ဆက်သွယ်ရေးလိုင်စင် ပေးအပ်ရန် ရွေးချယ်ခံရသည့် တယ်လီနော် ကုမ္ပဏီတို့ အားလုံးက ၎င်းတို့၏ Supplier ကုမ္ပဏီအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ၎င်းတို့၏ Supplier ကုမ္ပဏီကို မရွေးချယ်ရသေးကြောင်း ပြောကြားသည်။
''ကျွန်တော်တို့ရဲ့ Supplier ကုမ္ပဏီအဖြစ် အကြမ်းဖျင်းပဲ ရွေးချယ်ရပါသေးတယ်။ ရှေ့တစ်ပတ်ထဲမှာတော့ ဘယ်သူ့ကို ရွေးထားလဲဆိုတာ ထုတ်ပြန်ကြေညာမှာပါ'' ဟု အဆိုပါ ကုမ္ပဏီ၏ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားသည်။

လက်ရှိအချိန်တွင် Huawei ကုမ္ပဏီ အနေနှင့် Ooredoo ကုမ္ပဏီနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Huawei ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။
Huawei ကုမ္ပဏီနှင့် တရုတ်အစိုးရတို့ ပတ်သက်နေမှုကြောင့် ၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ဆက်သွယ်ရေး ပစ္စည်းများဖြင့် အမေရိကန်နိုင်ငံကို လျို့ဝှက်ထောက်လှမ်းမှု ပြုလုပ်နိုင်သည်ဟု ၂၀၁၂ ခုနှစ် အတွင်းက အမေရိကန် ကွန်ဂရက်က တင်ပြခဲ့ပြီး အမေရိကန် အစိုးရနှင့် သက်ဆိုင်သော ကန်ထရိုက် စာချုပ်များတွင် လုပ်ကိုင်ခွင့် မပြုရန် တောင်းဆိုခဲ့ဖူးသည်။
Huawei ကုမ္ပဏီဘက်မှ ၎င်းတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟု စွပ်စွဲခြင်းအပေါ် ပြန်လည် ငြင်းချက်ထုတ်ခဲ့သည်။

Huawei ကုမ္ပဏီကို သြစတြေးလျ နိုင်ငံကလည်း အမျိုးသား လုံခြုံရေးကို အကြောင်းပြကာ ၎င်းတို့၏ ဘရော့ဘန်း ကွန်ရက်အသစ်တွင် ပါဝင်မှုကို တားမြစ်ခဲ့ဖူးသည်။

''အခုလွှတ်တော်မှာ ဆက်သွယ်ရေး နည်းဥပဒေကိုလည်း ဆွေးနွေးနေပြီး တတ်နိုင်သလောက် အကာအကွယ်လည်း လုပ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံမျိုးတောင် လုံခြုံမှုယူထားတာမျိုး ဆိုတော့ တိုင်းပြည်အတွက် လုံခြုံရေးအရ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ အတွက် စိတ်မချရဘူးဆိုရင် စိတ်မချရတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို ကန့်ကွက်သင့်ပါတယ်။ နိုင်ငံအနေနဲ့ အခုမှ တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ခါစ ဆိုတော့ ဒီအန္တရာယ်ကို အတော် သတိထားဖို့ လိုပါတယ်'' ဟု ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီမှ ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။

EMG

No comments:

Post a Comment