Pages

Saturday, September 28, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် အမျိုးသမီးကာကွယ်ရေးနှင့် ကလေးစစ်သား ကိစ္စများကိုပါ ထည့်သွင်းမည်ဟုဆို


(တောင်ကြီးမြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဦးအောင်နိုင်ဦး ပါဝင်ဆွေးနွေးစဉ်)

28.9.2013

အောက်တိုဘာလတွင် ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ပြုလုပ်ဖြစ်မည်ဆိုပါက အမျိုးသမီးကာကွယ်ရေးနှင့် ကလေးစစ်သား ကိစ္စများပါ ထည့်သွင်းသွားမည်ဟု Myanmar Peace Center တွေ့ဆုံ ဆွေးနွေးရေး ဒုတိယဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါ အပစ်အခတ် ရပ်စဲရေးပွဲအတွက် ပြည်ထောင်စု ငိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အလုပ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ WGEC ပညာရှင်များနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့များ တွေ့ဆုံဆွေးနွေးနေကြောင်းနှင့် ယင်းအထဲတွင် အမျိုးသမီးကာကွယ်ရေးနှင့် ကလေးစစ်သား ကိစ္စများပါ ပါဝင်ကြောင်း ဦးအောင်နိုင်ဦးက စက်တင်ဘာ ၂၃ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ပြောကြားသည်။

အဆိုပါကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် လက်နက်ကိုင် အင်အားစုများကို ရှင်းပြရန်နှင့် အစိုးရကို ဆက်လက်တင်ပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နောက်ထပ်လည်း ဆက်ပြီး ဆွေးနွေးရန်ရှိကြောင်း၊ ကချင်တွင် ဆွေးနွေးရာတွင်လည်း အဆိုပါကိစ္စများ ပါဝင်မည်ဟု ယူဆကြောင်းလည်း ဦးအောင်နိုင်ဦးက ဆိုသည်။

''အမျိုးသမီးကာကွယ်ရေးတွေ၊ ကလေး စစ်သား ကိစ္စတွေဆိုတာက ကုလသမဂ္ဂက လုပ်နေတာပဲလေ။ အဲဒီတော့ ဘာလို့ မထည့်နိုင်ရမှာလဲ။ ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲ အဲဒါတွေ ထည့်မယ်လို့ ပြောနေတဲ့အထဲမှာပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်တော့ မဟုတ်သေးဘူး'' ဟု ဦးအောင်နိုင်ဦးက The Daily Eleven ကို ပြောကြားသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် သမ္မတ၊ ဒုတိယ သမ္မတများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင်လက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန်သမ္မတဟောင်းများကိုပါ လေ့လာသူများအဖြစ် ဖိတ်ကြားသွားရန် စီစဉ်ထားကြောင်း သိရပြီး အဖွဲ့အားလုံး မပါဝင်ပါကလည်း ပါဝင်သည့် အဖွဲ့များဖြင့်သာ လက်မှတ်ရေးထိုးပွဲ ပြုလုပ်သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားထားကြောင်း သိရသည်။

အခြား သိရှိရသော သတင်းများအရမူ ယင်းလက်မှတ်ရေးထိုးမှုတွင် အဖွဲ့အားလုံး မပါဝင်ပါက လက်ရှိ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးပြီးသည့် အဖွဲ့များပါ ပါဝင်ဖွယ်မရှိကြောင်း သိရသည်။

Eleven Media Group 


No comments:

Post a Comment