Pages

Tuesday, September 24, 2013

နိုင်ငွေသိမ်းနှင့် ပူကျင့်ရှင်းထန်အား ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ညီလာခံကြီးမှ ဂုဏ်ပြုခြင်း





လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) ကျော်အချိန်ဖြစ်တဲ့ ၁၉၆၁ ခုနှစ်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ ယခု တောင်ကြီးဟိုတယ်ဖြစ်တဲ့ စားမြိန်ရိပ်သာအဆောက်အဦးမှာ ဇွန်လ ၈ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြည်နယ်များညီညွတ်ရေးအဖွဲ့ (States Unity Organization –SUO) က ပြည်နယ်ပေါင်းစုံညီလာခံကြီး တစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ရဲ့ ပြည်နယ်ပေါင်းစုံညီလာခံကြီးကို ယခုလိုပဲ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ် ဒေသ အသီးသီးမှ ကိုယ်စားလှယ်ပေါင်း (၂၂၆) ယောက်၊ လေ့လာသူပေါင်း (၁၀၄) ယောက်၊ စုစုပေါင်း (၃၃၀) ယောက် တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအထဲမှာ ယခုကျင်းပတဲ့ ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မွန်ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် တို့ နှစ်ဦးဟာလည်း အပါအဝင်ဖြစ်ပါတယ်။

အဲဒီတုန်းကတော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မူလရည်မှန်းထားခဲ့တဲ့ ပြည်ထောင်စုစစ်စစ် ဖွဲ့စည်းပုံ မဟုတ်ခြင်း၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုပုံစံ မဟုတ်ခြင်း စတဲ့ အကြောင်း တရားတွေကြောင့် ပြည်ထောင်စု သက်တမ်း ၁၃ နှစ်ကျော်ကာလအတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်နယ်ပြည်မဆက်ဆံရေး စသည်တို့မှာ အကျပ် အတည်းပေါင်းစုံ တွေ့ကြုံ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရန် လိုအပ်လာတဲ့ အတွက် ရှမ်းပြည်မှာ ရှိတဲ့ ခေါင်းဆောင်များ အပါအဝင် တိုင်းရင်း သားခေါင်းဆောင်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရန် ကြိုးပမ်းလာခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်များ၊ ပျော့ကွက်ဟာကွက်များကို လေ့လာပြီး ပုဒ်မတစ်ခု ချင်းစီ ကို ပြင်ဆင်ခြင်းထက် ဖွဲ့စည်းပုံတစ်ခုလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းက ပို၍ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖက်ဒရယ်မူ ကို ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုရေးဆွဲပြီး အခြားသော ညီနောင် တိုင်းရင်းသားတွေကို ဖိတ်ခေါ် ကာ တောင်ကြီးမြို့မှာ ညီလာခံတစ်ရပ် ပြုလုပ်ကျင်းပပြီး အကြံဥာဏ် များ၊ ပြင်ဆင်ဖြည့်စွက်ချက် များကို တောင်းခံ ညှိနှိုင်းခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ရှမ်းပြည်နယ်မှ တင်သွင်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးစာတမ်းကို ရှမ်းပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက ၁၉၆၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ ‘ဖက်ဒရယ်မူ’ လို့ လူသိများ ကျော်ကြားခဲ့ပါတယ်။

အဲဒီတုန်းက တောင်ကြီးညီလာခံကို ချင်းပြည်နယ်ကနေ မွန်ပြည်နယ်ကနေ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာကြတဲ့ ဦးနိုင်ငွေသိမ်းနဲ့ ဦးပူကျင့်ရှင်းထန် တို့ဟာ အသက် ၃၀ ဝန်းကျင် လူငယ်အရွယ်တွေပဲ ဖြစ်ကြပါတယ်။ အဲဒီအချိန်ကတည်းကရင်း သူတို့နှစ်ဦးဟာ ဖက်ဒရယ်အရေး၊ တိုင်းရင်းသားတန်းတူရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတာဟာ ယနေ့တိုင်အောင် ဖြစ်ပါတယ်။ သူတို့ရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လကို ဂုဏ်ပြုသောအားဖြင့်တက်ရောက်လာတဲ့ လူကြီးမင်းအားလုံးကို မိတ်ဆက်ပေးခဲ့ပါတယ်။
 

SNLD

No comments:

Post a Comment