Pages

Thursday, September 19, 2013

ဝန်ကြီးချုပ်သစ်က ယခင်အစိုးရလက်ထက် အရာရှိသုံးဦးကို အလုပ်ဖြုတ်ခဲ့


19.9.2013

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်သစ် တိုနီအာဘော့တ်က ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီတွင်းမှာပဲ အရင်အစိုးရက ခန့်အပ်ထားတဲ့ ဌာနကြီးက ထိပ်တန်းဦးစီးအရာရှိ ၃ ဦးကို အလုပ်ဖြုတ်လိုက်ပါတယ်။

အလုပ်ဖြုတ်ချတာကို တချို့က အရင်လေဘာအစိုးရနဲ့ နီးစပ်မှု ရှိခဲ့တာကို လက်စားခြေတဲ့အနေနဲ့ ဖြုတ်ချတာလို့ မြင်သလို လူမှုရေး၊ စီးပွားရေး အသိုင်းအဝိုင်းကလဲ အခုလို အရည်အချင်းမြင့်တဲ့ ထိပ်တန်းဦးစီး အရာရှိတွေကို မဖြုတ်သင့်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။
အစိုးရသစ်လက်အောက်ရာထူး ဖြုတ်ချခန့်အပ်မှုတွေ လုပ်နေပြီး တချို့ဌာနတွေကို လုံးဝဖယ်ရှားတာတွေ၊ ပေါင်းစည်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ကတိပေးခဲ့တဲ့အတိုင်း သြစတြေးလျနိုင်ငံကို ခိုလှုံခွင့်တောင်းဖို့ ဝင်လာတဲ့ လှေတွေကို ရပ်တန့်စေမယ်လို့ ပြောခဲ့တဲ့အတိုင်း Operation Sovereign Borders ဆိုတဲ့ နယ်စပ်လုံခြုံရေး စစ်ဆင်ရေး စီမံကိန်းအဖွဲ့မှာ ရေတပ်ဗိုလ်ချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး Angus Campbell ကို ခန့်အပ်ပြီး၊ ရောက်လာတဲ့လှေတွေကို အင်ဒိုနီးရှား ပြန်လည့်ခိုင်းတဲ့ အမိန့်အာဏာကို ပေးထားပါတယ်။
လှေတွေကို အသက်ဘေးကင်းစွာ ပြန်လှည့်ခိုင်းဖို့ဖြစ်ပြီး ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ray Griggs ကတော့ ဒီအကြံအစည်း အောင်မြင်နိုင်ပါ့မလားလို့ မေးတာကို အစိုးရ အမိန့်ချမှတ်ချက်ကို လိုက်နာဖို့သာ သူတို့မှာ တာဝန်ရှိကြောင်း ပြန်ဖြေခဲ့ပါတယ်။

အခုလို လှေတွေကို အင်ဒိုနီးရှားနိုင်ငံကို ပြန်လှည့်ခိုင်းမယ်ဆိုတဲ့ အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရက ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ပါတယ်။တဆက်တည်းမှာပဲ ကက်ဘိနက်ဝန်ကြီးအဖွဲ့ဆိုင်ရာ အမျိုးသားလုံခြုံရေးကော်မတီကို လူကုန်ကူးမှုလုပ်ငန်းနဲ့ ပတ်သက်ပြီး အသေးစိတ် တင်ပြရှင်းလင်းဖို့ အင်ဒိုနီးရှားနိုင်ငံမှာ တာဝန်ကျနေတဲ့ သြစတြေးလျ သံအမတ်ကြီး Greg Moriarty ကိုလည်း ခေတ္တပြန်ခေါ်ခဲ့ပါတယ်။အဲဒါ့အပြင် အရင်အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့ ကာဘွန်အခွန်ကောက်ခံမှု အစီအစဉ်ကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရသစ် တက်လာပြီး အပြောင်းအလဲ နောက်တရပ်မှာ AusAid လို့ခေါ်တဲ့ နိုင်ငံခြားထောက်ပံ့ကြေးပေးတဲ့ ဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာ ပေါင်းစည်းလိုက်ပါတယ်။AusAid က ဦးဆောင်ညွန်ကြားရေးမှူး Peter Baxter ဟာလည်း အလုပ်ကနေ နှုတ်ထွက်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာ အစိုးရကတော့ ခွင့်ယူထားတာဖြစ်ပြီး Peter Baxter အနေနဲ့ အစိုးရသစ် လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်သွားဖို့ မျော်လင့်ထားတယ်လို့ တုန့်ပြန်ခဲ့ပါယ်။

နိုင်ငံခြားထောက်ပံ့ကြေး အေဂျင်စီတွေကတော့ အခုလို ပူးပေါင်းလိုက်တာကြောင့် နိုင်ငံခြားရေးရာ မူဝါဒက ထောက်ပံ့ကြေးကူညီမှု မူဝါဒတွေကို လွှမ်းခြုံသွားတာကြောင့် နိုင်ငံတကာမှာ ငတ်ပြတ် အတိဒုက္ခရောက်နေသူတွေ အကူအညီပေးနိုင်ဖို့ အတော့်ကို စိုးရိမ်မကင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
အစိုးရသစ်က နိုင်ငံခြား ထောက်ပံ့ကြေး ဘတ်ဂျက်ငွေ ဒေါ်လာ ၄.၅ ဘီလီယံ လျော့ချမယ်လို့ ကြေညာခဲ့တဲ့အပြင် ထောက်ပံ့ကြေးတွေကို စီးပွားရေးနဲ့ ဖလှယ်နိုင်တဲ့ နေရာတွေမှာ အသုံးချသွားမယ်လို့ ပြောခဲ့ပါတယ်။

ABC

No comments:

Post a Comment