Pages

Monday, September 9, 2013

ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက်များ ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား



ExB-9-9
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသည့် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူလူထု အများဆုံး ခံစားနေရသည့် ဒုက္ခမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သည့်အတွက် ယင်းပြဿနာများ အဆင်ပြေစေရန် ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက်များကို ထုတ်ပြန်နိုင်ရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကုန်စည်ဒိုင် အသင်းအဖွဲ့များ တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အထူးသဖြင့် မကြာခင်မှာ ကားလမ်းတွေပေါ်မှာ လုံးဝကားမရပ်ရတဲ့ အချက်တွေ ကန့်သတ်သွားဖို့ စဉ်းစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းတွေချဲ့နေလည်း ကားတွေက လမ်းတွေပေါ်မှာပဲ ရပ်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အခုအများဆုံး ဒုက္ခတွေ့နေတာကတော့ ယာဉ်ကြောပိတ်မှု ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
ဆက်လက်ပြီး ရန်ကုန်မြို့ရှိ ကားလမ်းများပေါ်တွင် လုံးဝကားမရပ်ရသည့် ကန့်သတ်ချက်များကို ထုတ်ပြန်နိုင်ရန် စဉ်းစားနေပြီး ယင်းတို့ကိုလည်း ဥပဒေတစ်ရပ် အနေဖြင့် တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းရန် အစီအစဉ်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ခုံးကျော်တံတားများ တည်ဆောက်နေသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများမှာ ပိုမိုဆိုးရွားလျက်ရှိပြီး ပြည်သူလူထု၏ လူမှုစီးပွားရေးကိုပါ ထိခိုက်လာလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အဓိက ယာဉ်ကြောပိတ်ဆို့လျက် ရှိသည့်နေရာများမှာ လက်ရှိတွင် ခုံးကျော်တံတားတည် ဆောက်ပြီးဖြစ်သည့် လှည်းတန်းနှင့် ခုံးကျော်တံတား တည်ဆောက်လျက်ရှိသည့် ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင်နောင် ခုံးကျော်တံတားများ အပါအ၀င် အခြားလမ်းများပေါ်တွင်လည်း ယာဉ်ကြောပိတ်ဆိုမှုမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဝါးလာခြင်းမှာ ယာဉ်အစီးရေ များပြားလာခြင်း၊ ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းအပြင် ယာဉ်ထိန်းရဲအင်အားနှင့် နည်းစနစ်ပိုင်း အားနည်းမှုများကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်နေကြသည်။

EMG

No comments:

Post a Comment