Pages

Monday, September 9, 2013

ပခုက္ကူ နှမ်းဈေးကွက်အတွင်း တရုတ်က ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့် နှမ်းတစ်တင်း ကျပ် ၃၀၀၀၀ နှင့်အထက် ပြန်လည်ရောက်ရှိ


ပခုက္ကူ နှမ်းဈေးကွက်အတွင်း သြဂုတ်လလယ်ပိုင်းမှစ၍ တရုတ်ဝယ်လက်မှ ကုန်ဝယ်ယူမှု လျော့နည်းသွားသည့်အတွက် နှမ်းဈေးနှုန်းများ ဆက်တိုက်ကျဆင်း ခဲ့သော်လည်း စက်တင်ဘာလ ဆန်းပိုင်းတွင် တရုတ်ဝယ်လက်မှ ပြန်လည်ဝယ်ယူလာခြင်းများကြောင့် နှမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး တစ်တင်းလျှင် ကျပ် ၃၀၀၀၀ နှင့်အထက်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။

ဇူလိုင်လကုန်ပိုင်း နှမ်းအသစ်ပေါ်ချိန် ကုန်ဝင်နည်းပါးပြီး ၀ယ်လိုအား များပြားခဲ့သည့်အတွက် နှမ်းတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ကျော်ထိ ဈေးနှုန်းများ မြင့်တက်လာသော်လည်း သြဂုတ်လလယ်ပိုင်းမှစ၍ ကုန်ဝင်များပြီး ၀ယ်လိုအား လျော့နည်းသွားခြင်းကြောင့် နှမ်းတစ်တင်းလျှင် ကျပ် ၂၇၀၀၀ ခန့်ထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းတွင် တရုတ်ဝယ်လက်မှ ပြန်လည်ဝယ်ယူ လာခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်မြင့်တက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။
"နှမ်းအသစ် စပေါ်ချိန် အ၀ယ်များလို့ နှမ်းဈေးက ကျပ် ၃၀၀၀၀ ကျော်လောက် ရှိနေတာကနေ သြဂုတ်လလယ်လောက်ကျ ကုန်အ၀င်များပြီး တရုတ်သမား အဆွဲနည်းတော့ နှမ်းဈေးက တစ်တင်းကို နှစ်သောင်းကျော်လောက် ပြန်ရောက်သွားတယ်။ အခု စက်တင်ဘာ လဆန်းပိုင်းမှာ တရုတ်သမား ပြန်ဝယ်လာလို့ ဈေးပြန်တက်လာတယ်။ တရုတ်အ၀ယ်များတဲ့ ယောနှမ်းဝါကတော့ တစ်တင်းကျပ် ၄၀၀၀ လောက် တက်သွားတယ်။ ကျန်နှမ်းတွေလည်း တစ်တင်းကျပ် ၂၅၀၀ လောက် တက်လာတယ်" ဟု ပွဲစားကိုစိန်လွင်က ပြောကြားသည်။
ပခုက္ကူ သီးနှံဈေးကွက်အတွင်း စက်တင်ဘာ လဆန်းပိုင်းမှစ၍ နှမ်းနှင့်ပဲတီစိမ်း သီးနှံမှာ တရုတ်နိုင်ငံနှင့် ရန်ကုန်တို့မှ ၀ယ်လက်များ၏ ၀ယ်ယူမှု မြင့်တက်နေခြင်းကြောင့် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။
ပခုက္ကူ နှမ်းဈေးကွက်အတွင်း စက်တင်ဘာ ၇ ရက်တွင် နှမ်းဖြူရှယ်တစ်တင်း ကျပ် ၃၄၀၀၀၊ နှမ်းဖြူရိုးရိုး တစ်တင်း ကျပ် ၃၁၂၀၀၊ နှမ်းနီယော တစ်တင်း ကျပ် ၃၀၀၀၀၊ နှမ်းဝါယော တစ်တင်း ကျပ် ၃၃၅၀၀၊ ပဲတီစိမ်း တစ်တင်း ကျပ် ၂၇၄၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment