(တိမ်းမှောက်သွားသောယာဉ်အား ၀န်ချီစက်ဖြင့် ရှင်းလင်းမှု ပြုလုပ်နေစဉ်)
25.9.2013
စက်တင်ဘာ ၂၄ ရက်က မြိတ်မြို့၊ အဆောင်ကောင်း အက်ဒမန် ကုမ္ပဏီသို့ အလုပ်သမားများ ပို့ဆောင်ပေး သည့် ခြောက်ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသော အလုပ်သမား ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယာဉ်မောင်း ကိုစိုးလတ်ဦး(ဘ) ဦးခင်စိုး အသက် ၂၆ နှစ် မောင်းလာသောကားမှာ စန္ဒကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာ၊ ဗိုလ်တောင်လမ်းဆုံ အရောက်တွင် ရှေ့ဘီးလေးကျိုးသောကြောင့် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ကားပေါ်တွင် အက်ဒမန် ကုမ္ပဏီသို့ အလုပ်လုပ်ရန် အလုပ်သမား ၅၀ ဦး လိုက်ပါလာကြောင်း သိရသည်။
"ပိန္နဲတောင် ရွာကနေ အဆောင်ကောင်းကို မောင်းလာတာပါ။ မနက် ၇ နာရီ ၁၀ မိနစ်မှာ တိမ်းမှောက် သွားပြီး တစ်ဦးကတော့ လက်ကျိုးဒဏ်ရာ ရတယ်။ နောက်တစ်ဦးကတော့ ခေါင်းကွဲဒဏ်ရာ ရခဲ့တာပါ။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အားလုံး ၂၃ ဦး ရှိပါတယ်။ သူတို့ကို ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသ ပေးနေပါတယ်။ ယာဉ်မောင်းကိုတော့ စခန်းမှာ ထိန်းသိမ်းထားပါတယ်" ဟု အခင်းဖြစ်ပွားရာသို့ လာရောက်စစ်ဆေးသော ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
"ကားက ကျောက်ပုံကိုကျော်ပြီး လမ်းဘေးကို တိမ်းမှောက်သွားတာပါ။ တစ်ပတ်လိမ့်သွားတာ မဟုတ်ပါဘူး။ ကားပေါ်ပါလာတဲ့လူတွေ ၀ရုန်းသုန်းကားဖြစ်ပြီး ဒဏ်ရာရသွားတာပါ" ဟု မျက်မြင်များက ပြောကြားသည်။ တိမ်းမှောက်သွားသော ယာဉ်အား မီးသတ်ယာဉ် တစ်စီးနှင့် ၀န်ချီစက် တစ်စီးဖြင့် လာရောက်ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။
Eleven

No comments:
Post a Comment