Pages

Wednesday, September 25, 2013

ရေလွှမ်းမိုးမှုဒဏ်နှင့် သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ် ကြုံခဲ့ရသည့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ အဆောက်အအုံများ ယိုယွင်းပျက်စီးလာ


                       (အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းစေတီ ပုထိုးများအတွင်း ရေများဝင်ရောက်နေစဉ်)
25.9.2013

ရေလွှမ်းမိုးမှုဒဏ်နှင့် သဘာဝဘေးဒဏ်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည့် အင်းဝ မြို့ဟောင်းရှိ ရှေးဟောင်းစေတီ အဆောက်အအုံများ ယိုယွင်းပျက်စီးလာကြောင်း သိရသည်။

မြို့စတင် တည်ထောင်ချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ ဒုဌ၀တီမြစ်ရေ တိုက်စားမှု ဒဏ်နှင့် မြစ်ရေလွှမ်းမိုးမှု ဒဏ်များအပြင် ငလျင်ဘေးဒဏ်များကိုလည်း အကြိမ်ကြိမ် ခံစားခဲ့ရကြောင်း သိရသည်။ "ရှေးဟောင်း အဆောက်အအုံတွေ ပြုပြင်တဲ့နေရာမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနက ချထားပေးတဲ့ ဘတ်ဂျက်အပေါ်မှာ မူတည်ပါတယ်။ ရှေးဟောင်း အဆောက်အအုံတွေ ကလည်း အင်းဝတစ်ခုတည်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ မန္တလေးတိုင်း ဒေသကြီးမှာ အများအပြား ရှိနေ ပါတယ်။ ပြုပြင် ထိန်းသိမ်းမှုတွေလည်း လုပ်နေသလို ပြန်လည်ပြုပြင် ထိန်းသိမ်းစရာတွေလည်း ကျန်နေ ပါသေးတယ်။ တချို့နေရာတွေမှာဆိုရင် အလှူရှင်တွေက ပူးပေါင်းလှူဒါန်းတာတွေ ရှိပါတယ်" ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ရှေးဟောင်း အဆောက်အအုံတွေ ဆိုတာက ရေ၀င်နစ်မြုပ်တာကို မပြောပါနဲ့ဦး။ Moister ဆိုတဲ့ အစို ဓာတ်ရှိရင် နံရံဆေးရေး ပန်းချီတွေ ပျက်စီးနိုင်ပါတယ်။ အစိုဓာတ်က အဆောက်အအုံ တစ်ခုရဲ့ ရေရှည်တည်တံ့နိုင်မှုကို ထိခိုက်စေနိုင် ပါတယ်။ ဥပမာ ပြောရရင် တောင်သမန်အင်းက ဦးပိန် တံတားကို ပြလို့ရပါတယ်။ အမြဲတမ်း ရေရှိနေတာကြောင့် တံတား တိုင်တွေ  ဆွေးမြည့်ပျက်စီးနေတာ မြင်နိုင်ပါတယ်" ဟု သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဆရာဝန် တင်မောင်ကြည် (မန္တလေး) ကပြောကြားသည်။

တံတားဦး မြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် ဒုဌ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ၂၀၀၄ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင် မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတော်နှင့် အခြားရှေးဟောင်း စေတီ အဆောက်အအုံပေါင်းများစွာ ရေ၀င်နစ်မြုပ်ခဲ့ရပြီး ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်လည်း ဗားကရာကျောင်းနှင့် အခြားစေတီ ပုထိုးပေါင်းများစွာ ရေ၀င်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အင်းဝမြို့ဟောင်းသည် နိုင်ငံခြားသားများ စိတ်ဝင်တစား လာရောက် လည်ပတ် ကြသည့် နေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင် သဘာဝ ဘေးဒဏ် များဖြစ်သည့် ရေနစ်မြုပ်မှု၊ ငလျင် လှုပ်ခတ်မှုများကြောင့် အကြိမ်ကြိမ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရပြီး လက်ရှိ အချိန်အထိ ပြုပြင်မှုများ လုပ်ဆောင်နေ ရဆဲလည်း ဖြစ်သည်။

Eleven

No comments:

Post a Comment