Pages

Wednesday, September 18, 2013

ဥရောပ နိုင်ငံများသို့ သွားရောက်နေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ယနေ့ပြန်လည် ရောက်ရှိမည်


စက်တင်ဘာ ၁၀ ရက်မှစ၍ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများ အပါအ၀င် နိုင်ငံ့အကြီးအကဲများ၊ နိုဗယ်ဆုရှင်များနှင့် တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး အပြောင်းအလဲများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပိုလန်နိုင်ငံ ၀ါဆောတက္ကသိုလ်တွင် နိုင်ငံရေးနှင့် ပညာရေးဟူသော ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဟန်ဂေရီနိုင်ငံ Corvinus တက္ကသိုလ်တွင် From Revoluation to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် ချက်သမ္မတနိုင်ငံတွင် ကျင်းပသော Forum 2000 တွင်လည်း အဖွင့်မိန့်ခွန်း တက်ရောက်ပြောကြားခဲ့ရာတွင် ချက်နိုင်ငံ သမ္မတ ဟောင်း Vaclav Havel နှင့် ပတ်သက်၍ သူ၏ရေးသားမှုများသည် မိမိ အကျယ်ချုပ် ကျခံနေရချိန်တွင် အားတက်အတုယူစရာ ဖြစ်ခဲ့ကြောင်း၊ ၎င်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းအတွက် များစွာကျေးဇူးရှိကြောင်း၊ ၎င်းကသာ မိမိ၏ နာမည်စာရင်းကို တင်သွင်းခြင်း မပြုခဲ့ပါက မိမိသည် ၁၉၉၁ နိုဗယ်ဆုကို ရနိုင်စရာမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံရေး အကူးအပြောင်းနှင့် ပတ်သက်၍လည်း "ဒီအချိန်ဟာ ကျွန်မတို့အတွက် စိန်ခေါ်မှုအရှိဆုံး အချိန်ပါ။ အခုချိန်မှာ ရရှိနေတဲ့ အခွင့်အရေး ကောင်းတွေဟာ တော်တော်ကြာတဲ့ အချိန်အထိ ပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့အချိန်မှာ ချမှတ်နိုင်ရေးဟာ ဒီအကူးအပြောင်း ကာလမှာ အရေးကြီးဆုံးပါပဲ" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ အတိုက်အခံခေါင်း ဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် Forum အတွင်း သီးခြားတွေ့ဆုံခဲ့သည်။

ယခု ဥရောပ ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ ဒုတိယမြောက် ဥရောပခရီးစဉ်ဖြစ်ပြီး ၎င်းနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ဒေါက်တာ တင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ထောက်ခံသူများက သွားရောက်ကြိုဆို ကြမည်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment