Pages

Monday, September 30, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးပွဲတွင် ပါတီအားလုံး သက်သေ လုပ်ရန် အစိုးရဖိတ်ကြား

30.9.2013

အစိုးရက အောက်တိုဘာလအတွင်း ကျင်းပရန် စီစဉ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံရေးပါတီအားလုံး တက်ရောက်ကာ သက်သေအဖြစ် လက်မှတ်ထိုးရန် ဖိတ်ခေါ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပ သည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် အစိုးရအဖွဲ့ တွေ့ဆုံပွဲတွင် ဦးအောင်မင်းက ယင်းသို့ ဖိတ်ခေါ်ြ ခင်း ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဆိုသည်။“နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် ထိုးတဲ့အခါ နိုင်ငံရေးပါတီတွေ အားလုံးပါရမယ်။ ပြီးရင် တောက်လျှောက် Political Dialogue မှာ ပါသွားရမယ်” ဟု ဦးဇိုဇမ်က ရှင်းပြသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် လက်မှတ် ရေးထိုးပွဲ ကို အောက်တိုဘာ လကုန် သို့မဟုတ် နိုဝင်ဘာ လဆန်းတွင် ကျင်းပရန် စီစဉ်နေကြောင်း ဦးအောင်မင်း က ဆိုသည်။ “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုး တာဟာ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ခြေလှမ်းအစပဲ” ဟု ဦးအောင်မင်းက ဆိုသည်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် အဖွဲ့ တစ်ဆယ့်လေးဖွဲ့နှင့် သဘောတူညီမှု ရယူထားပြီး ကျန်ရှိနေသည့် KIO/KIA နှင့် TNLA အဖွဲ့တို့ကို ယခုလအတွင်း တွေ့ဆုံ သဘောတူညီချက်ရရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းကထပ် လောင်းပြောကြားသည်။

ယင်းသို့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးအပြီး ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါတီအားလုံး ပါဝင်ရန် အစိုးရက ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲ တက်ရောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment