Pages

Sunday, September 29, 2013

လက်ပံတောင်းတောင် အနီးရှိ လိပ်ခွံတောင်ကို ၀မ်ပေါင်ကုမ္ပဏီမှ မြေတူးစက်များဖြင့် လာရောက်လုပ်ကိုင်သောကြောင့် ဒေသခံများနှင့် အာဏာပိုင်တို့အကြား တင်းမာမှုဖြစ်ပွား




29.9.2013

စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၀န်းကျင်တွင် လက်ပံတောင်းတောင် တောင်ဘက်ရှိ လိပ်ခွံတောင်ကို ၀မ်ပေါင်ကုမ္ပဏီမှ မြေတူးစက်များ လာရောက်လုပ်ကိုင်သောကြောင့် ဒေသခံ ရွာသူရွာသားများနှင့် ဒေသအာဏာပိုင်တို့အကြား တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မနက်ပိုင်း ၈ နာရီ လောက်ကတည်းက ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေနဲ့အတူ လက်ပံတောင်းတောင် အနောက်တောင်ဘက်က လိပ်ခွံတောင်ဘက်ကို မြေတူးစက်တွေ ယန္တရားစက်တွေနဲ့လာပြီး တောင်ကိုလွှာသလိုလုပ်လို့ နေ့ပိုင်းမှာ ဆည်တည်းရွာနဲ့  မိုးကြိုးပြင်က တောင်သူတစ်ရာလောက်က သွားတားကြတယ်။ ယန္တရားကားတွေ ပြန်သွားပြီး ညနေ ၃ နာရီ ၀န်းကျင်လောက်မှာ ပြန်လုပ်နေလို့  ရွာသားတွေက ထပ်သွားပြီး တားပါတယ်။ ဒေသအာဏာ ပိုင်တွေကတော့ သူတို့ဘက်က ညှိနှိုင်းပြီးမှ လုပ်ပါမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ လက်ပံတောင်းတောင် ဒေသခံ တောင်သူစစ်စစ်တွေရဲ့ဆန္ဒကို သူတို့သေချာ မမေးသေးပါဘူး။ ရွာသားတွေကတော့ လိပ်ခွံတောင်ကို အဖြိုမခံနိုင်ဘူးလို့ ပြောကြတယ်" ဟု ဆည်တည်းရွာဟောင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဒေသအာဏာပိုင် တစ်ဦးက "လိပ်ခွံတောင်ကို ဖျက်တာတော့ မဟုတ်ပါဘူး။ ရဲကင်းဆောက်ဖို့ လုပ်တာပါ။ ရွာဟောင်းတွေ သွားတဲ့လမ်းထိပ်မှာ လုံခြုံရေးအင်အား တိုးတယ်ဆိုတာလည်း လုပ်ရိုးလုပ်စဉ်ပါ။ ညနေပိုင်းမှာ နယ်လုံဝန်ကြီး ဦးကြည်နိုင်က ဆည်တည်း-ဇီးတော ရွာသစ်ဆက်ဆံရေးရုံး သွားတယ်ဆိုတာက ရွာထဲကိုလှည့်ပြီး ပြန်သွားတာပါ။ ဖမ်းဝရမ်းထုတ်တဲ့သူတွေ ၀င်ဖမ်းမယ်ဆိုတာ မဟုတ်ပါဘူး" ဟု ဆိုသည်။

စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းတွင် ဆောင်ရွက်ရန် တရုတ်နိုင်ငံသား ပညာရှင် ၃၅၄ ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment