Pages

Sunday, September 29, 2013

စွန့်ပစ်ပစ္စည်းများကို နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ပြည်တွင်း ဈေးကွက်သို့ တင်သွင်းခွင့်မပြု




29.9.2013

မြ၀တီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလျက်ရှိသော စွန့်ပစ်ပစ္စည်း (ပစ္စည်းအဟောင်း)များအား စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ပြည်တွင်းဈေးကွက်သို့ တင်သွင်းခွင့် မပြုတော့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စည်ပင်သာယာရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဒေသတွင်း အသုံးပြုရန် ကုန်သွယ်မှု ခွင့်ပြုခဲ့သော စွန့်ပစ်ပစ္စည်းများမှာ အသုံးပြုပြီးနောက် စွန့်ပစ်ထားသည့် ပုလင်းခွံမျိုးစုံနှင့် ပလပ်စတစ် အဟောင်းများ ပါဝင်ပြီး၊ ယင်းသို့ ပြည်ပနိုင်ငံများတွင် ထုတ်လုပ်၍ အသုံးပြုပြီးနောက် စွန့်ပစ်ထားသည့် ပစ္စည်းအဟောင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်တွင်းသို့ တရားဝင် တင်သွင်းခွင့် မပြုထားကြောင်းလည်း သိရသည်။

"ယခင်က စည်ပင်ထောက်ခံချက်နဲ့ သယ်ယူခွင့်ပြုခဲ့တဲ့ ပစ္စည်းအဟောင်းတွေကို စားသုံးသူ အကာအကွယ်ပေးရေးနဲ့ အတုအပ ထုတ်လုပ်ရာမှာ အထောက်အကူ ဖြစ်စေတဲ့အတွက် ယခုနောက်ပိုင်း တားမြစ်လိုက်တာ ဖြစ်ပါတယ်။ စက္ကူဆိုလဲ အသစ်၊ ကားအပိုပစ္စည်းဆိုလည်း အသင့်သုံးနိုင်တဲ့ ပစ္စည်းဆိုရင် တင်သွင်းခွင့် ပြုပါတယ်။ အဟောင်းဆို လုံးဝခွင့် မပြုပါဘူး" ဟု မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့အပြင် ပြန်လည်အသုံးပြု၍ရသော၊ ပြန်လည်သန့်စင်ထားသော ကော်ပစ္စည်း ဖြတ်စများ၊ စက်ဘီးများကိုမူ သွင်းကုန်လိုင်စင် လျှောက်ထားပြီး တင်သွင်းလျက်ရှိကြောင်း သိရသည်။ စားသောက်ကုန်များအား ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက် ပါရှိမှသာလျှင် အကောက်ခွန်ဌာနမှ အခွန်ဆောင် တင်သွင်းခွင့်ရှိကြောင်း၊ ထုပ်ပိုးမှု အရွယ်အစားအလိုက် (FDA)စစ်ဆေးချက် ရယူရမည် ဖြစ်သည်ဟု ဆိုသည်။

ပြည်ပနိုင်ငံများတွင် ထုတ်လုပ်အသုံးပြုပြီးနောက် စွန့်ပစ်ထားသည့် ပလတ်စတစ် ဆီပုံးခွန် အဟောင်းများ၊ ဘီယာပုလင်းခွံ ဟောင်းများ၊ အခြားစွန့်ပစ် ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းစေခြင်းဖြင့် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများနှင့် ကိုက်ညီမှု မရှိသလို ကုန်ပစ္စည်းအတု ထုတ်လုပ်သည့် လုပ်ငန်းများနှင့်လည်း ဆက်စပ်နိုင်သည့်အတွက် အဆိုပါ ပစ္စည်းအဟောင်းများ တင်သွင်းလာပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment