Pages

Tuesday, September 17, 2013

အစိုးရနဲ့ ကေအိုင်အို အောက်တိုဘာလဆန်းမှာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်



အောက်တိုဘာ ပထမအပတ်ထဲမှာ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ ဒီနေ့ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ သိရပါတယ်။

ဒီနေ့ သဘောတူညီနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ဦးလှမောင်ရွှေက RFA ကို အခုလိုပြောပါတယ်။

“နောက်တစ်ကြိမ်တွေ့တော့မယ့် ပြည်ထောင်စုအဆင့် အစည်းအဝေးကျင်းပနိုင်ဖို့၊ ဒုတိယကတော့ IDP ကိစ္စ၊ တတိယကတော့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲဖို့၊ စတုတ္ထကတော့ သဘောတူညီချက် ၇ ချက်ထဲမှာပါတဲ့ ပစ်ခတ်မှုပဋိပက္ခကို စောင့်ကြည့်တဲ့အဖွဲ့တွေဖွဲ့စည်းဖို့ အထွေထွေဆိုပြီးတော့ ကျနော်တို့ခေါင်းစဉ်ငါးခု ဆွေးနွေးနိုင်ခဲ့တယ်၊ သူတို့ကလည်း အောက်တိုဘာ ပထမပတ်လုပ်ချင်တယ်၊ ကျနော်တို့ ဝန်ကြီး ဦးအောင်မင်းအဖွဲ့ကလည်း အောက်တိုဘာ ပထမပတ်လုပ်ချင်တယ်ပြောတယ်၊ ဒီနှစ်ခုက တူညီတဲ့အတွက် နှစ်ဖွဲ့ခေါင်းဆောင်တွေကို တင်ပြပြီးရင်တော့ အောက်တိုဘာလ ပထမပတ်မှာ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကို ဒုတိယအကြိမ် မြစ်ကြီးနားမှာ ဆောင်ရွက်နိုင်မယ့် အနေအထားရှိပါတယ်”

အောက်ခြေမှာနှစ်ဘက်တပ်တွေ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် စောင့်ကြည့်လေ့လာရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ကိုလည်း လာမယ့် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးနိုင်ဖို့ တင်ပြထားတယ်လို့ KIO နဲ့ ညှိနှိုင်းပေးနေတဲ့ နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက RFA ကို အခုလိုပြောပါတယ်။

"ဒီစက်တင်ဘာလ ၃ဝ ရက်နေ့အထိရှိတဲ့ နှစ်ဖက်စစ်တပ်များရဲ့ ရှိမှုအနေအထားပြမြေပုံကို အစိုးရနဲ့ ကေအိုင်အိုဘက်က ဒီကြားထဲတင်မယ်၊ ပြီးရင်နှစ်ဖက်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲမှာ အတည်ပြုမယ်"

ဒီကနေ့ဆွေးနွေးပွဲဟာ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာကောင်းတွေကို ညှိနှိုင်းနိုင်ခဲ့တယ်လို့ နှစ်ဘက်အဖွဲ့ကပြောပါတယ်။ ကေအိုင်အိုနဲ့ အစိုးရတို့ဟာ ပြီးခဲ့တဲ့ မေလကလည်း နှစ်ဘက်ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment