Pages

Saturday, September 14, 2013

ချင်းတွင်းမြစ်ရေ ရုတ်တရက် မြင့်တက်မှုကြောင့် ရေယာဉ်များပြေးဆွဲခြင်း ရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့မှ အထက်ချင်းတွင်း ဒေသများသို့ ပြေးဆွဲနေသော လူစီးအမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များမှာ ချင်းတွင်းမြစ်ရေ ရုတ်တရက် ပြန်လည် မြင့်တက်လာခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ရေကြောင်းခရီးစဉ် ပြေးဆွဲမှု ရပ်နားထားကြောင်း အမြန်ရေယာဉ်ဂိတ်များမှ တာဝန်ရှိသူများက ပြောကြားသည်

“ရေယာဉ်ပိုင်ရှင်တွေနဲ့ ရေကြောင်း ပို့ဆောင်ရေးက တာဝန်ရှိသူတွေက အစည်းအဝေး ညှိနှိုင်းပြီး ပိတ်ဖို့ စာထုတ်လိုက်တာပါ။ ကုန်တင်ရေယာဉ်တွေကတော့ ၁၂ ရက်နေ့ထဲက ပိတ်တယ်။ လူစီး အမြန်ရေယာဉ်တွေကတော့ ဒီနေ့ ၁၃ ရက်နေ့မှာ စပိတ်တာပါ။ ချင်းတွင်းမြစ်ရေက အခု ၉၅၉ စင်တီမီတာမှာ ရှိနေတယ်။ ၉၅၀ အောက်ရေ ပြန်ကျတာနဲ့ပြန်ပြီး အစည်းအဝေးထိုင်ပြီး ထွက်ခွင့်ပေး မှာပါ” ဟု ငွေစင်ဦး အမြန်ရေယာဉ်အသင်းမှ ဦးသောင်းညွန့်က ပြောကြားသည်။

ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင် မိုးများသည့်အတွက် မြစ်ရေမှာ ရုတ်တရက် မြင့်တက်ခဲ့ရာ မြစ်ကြောင်း တစ်လျှောက် ဝဲများကြမ်းသည့်အတွက် အန္တရာယ်ရှိ၍ ခေတ္တရပ်နားခိုင်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မုံရွာမြို့အနီးတွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ပျမ်းမျှအားဖြင့် ၁၀၀၀ စင်တီမီတာ သတ်မှတ်ထားပြီး ယခုအခါ ၉၅၉ စင်တီမီတာသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

The Voice

No comments:

Post a Comment