Pages

Saturday, September 14, 2013

မန္တလေးတိုင်းဒေသကြီးအတွက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် သန်းပေါင်း နှစ်သောင်းကျော်တောင်းခံ

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဘတ်ဂျက်စာရင်းပါ ဌာနဆိုင်ရာများအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကို အတည်ပြုပေးရန် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက တင်သွင်းဖတ်ကြားသည်။

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ဌာနဆိုင်ရာအချို့ လိုငွေပြခဲ့သဖြင့် ပြည်ထောင်စုဘဏ္ဍာငွေမှ ချေးငွေရယူခဲ့ရာ အဆိုပါ ချေးငွေကို ပေးဆပ်ရန်အတွက် လိုအပ်သဖြင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်း ဖြစ်ကြောင်း စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ဆားနှင့်အဏ္ဏဝါ ဓာတုပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ စည်ပင်သာယာအဖွဲ့များက ဌာနဆိုင်ရာ ဘတ်ဂျက် လိုငွေများကို ပြည်ထောင်စုဘဏ္ဍာမှ ချေးငွေအဖြစ် ရယူသုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေ လျာထားချက်နှင့် ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်းများနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၇ ရက်နေ့၌ တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွက် လက်ရှိ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သုံးငွေ ကျပ်သန်းပေါင်း တစ်သိန်းကျော်ရှိပြီး ရငွေမှာ ကျပ်သန်းပေါင်း ရှစ်သောင်းကျော် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်ကို နေပြည်တော် ကောင်စီဝင်အဖြစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြောင်းလဲ တာဝန်ပေးသဖြင့် အဆိုပါ ဖြည့်စွက်ခွင့်ပြုငွေ လျာထားချက် တောင်းခံခြင်းကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment