Pages

Thursday, September 12, 2013

ဒေသခံများကို ဖိလစ်ပိုင်မွတ်ဆလင်သူပုန်များ လူသားဒိုင်း အကာအကွယ်ယူ


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်က သူပုန်များကို ရင်ဆိုင်ရန် နေရာယူထားစဉ် သူပုန်များက ဒေသခံ ၁၈၀ ကို လူသားဒိုင်းအဖြစ် ကာကွယ် အသုံးပြုထားကြောင်း အစိုးရအရာရှိများကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) အဖွဲ့ ဖြစ်ပြီး မြို့တော်ဇမ်ဘိုအန်ဂါ၏ လမ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်ကမ်းတက် တပ်ဖွဲ့များက ပြန်လည်နှိမ်နင်းနေရသည်။

"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။

ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့က မိုရိုသူပုန်ကိုးဦးကို တန်ပြန်စစ်ဆင်ရေးတွင် အသေဖမ်းမိခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီး ဂရီဂိုရီဖာဗစ်က AFP ကို ပြောကြားခဲ့သည်။

လူအင်အားနှစ်ရာနီးပါးရှိသော မိုရိုသူပုန်များကို ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင် ၁၅၀၀ခန့်က ဝိုင်းထားပြီးဖြစ်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်သူ ဗိုလ်မှူးကြီးရာမွန် ဇာဂါလာက အတည်ပြုပေးထားသည်။

သူပုန်များဘက်ကလည်း တန်ပြန်ခုခံရန် အဆင်သင့်ရှိပါကြောင်း မိုရိုသူပုန် ပြောခွင့်ရပုဂ္ဂိုလ်က ပြည်တွင်းသတင်း ရေဒီယိုတစ်ခုကို ဖြေကြားခဲ့သည်။

အာဏာပိုင်များအနေနှင့် သူပုန်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဆက်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

ဒေသခံ ၁၈၀ ခန့်ကို သူပုန်များက ဓားစာခံများကို မနုဿဒိုင်းအဖြစ် ကာထားပြီး အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကို ကာကွယ်ထားသည် ဟုလည်း ၄င်းကဆိုသည်။

မိုရိုမွတ်ဆလင်သူပုန် များသည် ကက်သလစ်ဘာသာဝင် များသော ဖိလစ်ပိုင် နိုင်ငံတွင် တောင်ပိုင်းဒေသကို လွတ်လပ်ရေး ပေးရန်အတွက် ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment