Pages

Monday, September 30, 2013

မြောင်းဖုံးများကို ဘာကြောင့် အသေဖုံးထားသလဲ

၃၀.၉.၂၀၁၃၊ တနင်္လာနေ့

အယ်ဒီတာခင်ဗျာ..
ရန်ကုန်မြို့တော် စည်ပင်မှ မြို့တွင်း (၆) မြို့နယ်တွင် ကားရပ်နားပါကင်များ အသစ်ပြုလုပ်ခြင်း၊ ပလက်ဖောင်းများကို ပြန်လည် ပြုပြင်ခြင်း၊ မြောင်းဖုံး များကို ပြန်လည် ပြုလုပ်ခြင်းကို တွေ့ မြင်နေရသည်။ ပန်းဘဲတန်းမြို့နယ် ဟိန္ဒူဘုရားကျောင်းမှ ဆူးလေဘုရားလမ်းထိ (အနော်ရထာလမ်း) တစ်လျှောက် နှစ်ဖက်လုံး၌ မြောင်းဖုံးများ ကို ၁၀ ပေ မှ ၁၅ ပေအထိ အထဲတွင် သံချောင်းများခံပြီး အသေလောင်းထားသဖြင့် ၂၉ လမ်းမှ ဗိုလ်ဆွန်ပက်လမ်းကြား (အနော်ရထာလမ်းပေါ်) (၁၁၉ စတိုး) ရှေ့တွင် မြောင်းထဲမှ ရေဆိုးများလမ်းပေါ်ထိ ထွက်နေသည်မှာ လွန်စွာ အရုပ်ဆိုးလှပါသည်။

ဆူးလေဘုရားလမ်းမှ ရွှေတိဂုံဘုရားလမ်းထိ (အနော်ရထာလမ်း) တစ်လျှောက်သည် ရန်ကုန်မြို့တွင်း မြောင်း အညစ်ပတ်ဆုံး နေရာများ ဖြစ်ပါသည်။ ကားပါကင်အသစ် ခင်းထားသည်မှာ မကြာသေး။ လမ်းပေါ်မှာ ရေဆိုးရေညစ်များ ထွက်နေသည်မှာ ရန်ကုန်မြို့တော် သာယာလှပရေးကို လွန်စွာ အရုပ်ဆိုး အကျည်းတန်လှပါသည်။ ပုဂ္ဂလိကများ မြောင်းဖုံး အသေလောင်းလျှင် စည်ပင်မှ တားမြစ်သင့်ပြီး စည်ပင်ကိုယ်တိုင်က မြောင်းဖုံးများကို အသေလောင်းထားသဖြင့် လွန်စွာ ရုပ်ဆိုးလှပါသည်။ မြောင်းဖုံးကို အသေလောင်းပါက ၆ ပေထက် ပိုမလောင်းသင့်ပါ။

တစ်ဖက်ဂေါ်ပြားမှ တစ်မီစာ၊ နောက်တစ်ဖက်မှ ဂေါ်ပြား ထိုးချရုံလောက်သာ လောင်းသင့်ပါသည်။ ဖြစ်နိုင်လျှင် မြောင်းဖုံးကို အသေမလောင်းသင့်ပါ။ မြောင်းဖုံးတစ်ပြားခြင်းကို ကွာလတီကောင်းကောင်း သံချောင်းခံပြီး လောင်းသင့်ပါသည်။ ယခုလောင်းပြီးသား မြောင်းဖုံးများကို ၆ ပေ ခန့်ဖြတ်ပြီး ကြားတွင် ကျောက်ပြားနှစ်ပြားခန့် ကြားခံထားသင့်ပါသည်။ မြောင်းဖုံးများကို အသေမပိတ်မီ မြောင်းထဲမှ ခဲလုံးများ အမှိုက်များကို အပြောင်အစင် ရှင်းထားသင့်ပါသည်။ စည်ပင်မှ လူကြီးများ အောက်ခြေအထိ ကွင်းဆင်း လေ့လာသင့်ပါသည်။ ကျောက်တံတားမြို့နယ် အနော်ရထာလမ်း တစ်လျှောက်တွင်လည်း ယခုကဲ့သို့ မြောင်းဖုံးများ အသေလောင်းထားသည်ကို မြင်တွေ့ရပါသည်။

မြို့တော်စည်ပင်မှ ရေသန့်ဌာနနှင့် ပလက်ဖောင်း ပြုပြင်သည့် လမ်းတံတားဌာနတို့ ချိတ်ဆက် ရှိသင့်ပါသည်။ ပလက်ဖောင်းများ လောင်းပြီးမှ ရေသန့်ဌာနမှ ရေပိုက်များ လဲလှယ်ခြင်းကြောင့် ပလက်ဖောင်းများ ပြန်လည် ပျက်စီးသဖြင့် နိုင်ငံတော် ဘဏ္ဍာများ အလဟဿ ဆုံးရှုံးပြီး အကျည်းတန် ရုပ်ဆိုးလှသည်မှာ ပန်းဆိုးတန်း လမ်းတစ်လျှောက်တွင် တွေ့မြင်ရပါသည်။ ရန်ကုန်မြို့တော် သာယာလှပရေးအတွက် တစ်ဖက်တစ်လမ်းမှ အကြံပြုပေးခြင်း ဖြစ်ပါသည်။

(ရန်ကုန်မြို့ကို သန့်ရှင်းသာယာလှပစေလိုသူ)

No comments:

Post a Comment