အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ရန်ကုန်မြို့၌ ဧပြီ ၅ ရက်က မိန့်ခွန်းပြော
ကြားစဉ်
25.9.2013
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ကူညီရန် အသက် ၈၈ နှစ်အရွယ် ရှိပြီဖြစ်သော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သည့် ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders) မြန်မာနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်က စတင်ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders) တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသူများမှာ ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီအာတီဆာရီ၊ နော်ဝေနိုင်ငံ ၀န်ကြီးချုပ် ဂရိုဟာလမ်ဘရန့်တ်လန်းတို့ဖြစ်ပြီး ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးသွားရန်ရှိပြီး အခြားနိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသမီး အဖွဲ့အစည်းများ အပါအ၀င် အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း ရန်ကုန်မြို့နှင့် နေပြည်တော် တို့တွင် တွေ့ဆုံဆွေးနွေး သွားရန်ရှိကြောင်း သိရသည်။
၎င်းတို့ လာရောက်သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီရန်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းအားပေးရန်၊ လူမှုအသိုင်းအ၀ိုင်း အတွင်း ပြေလည်မှု ရရှိရန်နှင့် ညှိနှိုင်းအဖြေရှာရန်အတွက် ကူညီရန်တို့ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders) ကို ၂၀၀၇ ခုနှစ်တွင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားက စတင် တည်ထောင်ခဲ့ပြီး အဖွဲ့တွင် သြဇာတိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။ အဆိုပါ အဖွဲ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ အတွက် ၎င်းတို့၏ အတွေ့အကြုံများနှင့် သြဇာလွှမ်းမိုးမှုတို့ကို အသုံးပြု ပေးနေသူများ ဖြစ်ကြသည်။
အဖွဲ့၏ ဥက္ကဋ္ဌမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌမှာ မြန်မာနိုင်ငံသို့ လာရောက်သည့် နော်ဝေနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဂရိုဟာ လမ်ဘရန့်တ်လန်း ဖြစ်သည်။ အဖွဲ့၏ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်များမှာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် ဘုန်းတော်ကြီး ဒတ်စ်မွန်တူးတူးတို့ ဖြစ်သည်။
ဂျင်မီကာတာသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဧပြီလက လာရောက်ခဲ့ဖူးပြီး ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့နှင့် နေပြည်တော် တို့၌ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တစ်ဦးကိုတစ်ဦး ယုံကြည်မှု ရှိလာပါက ပြဿနာများကို ဖြေရှင်းနိုင် မည်ဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာက ဧပြီလ ခရီးစဉ်အတွင်း ရန်ကုန်မြို့၌ ပြောကြားခဲ့သည်။
အမေရိကန် သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန် ထမ်းဆောင် ပြီးနောက် ၁၉၈၂ ခုနှစ်တွင် ဂျင်မီကာတာသည် ၎င်း၏ ဇနီးဖြစ်သူ ရို့စ်လင်းနှင့် အတူ Carter Center ကို စတင်တည်ထောင်ကာ နိုင်ငံပေါင်း ၇၀ ကျော် တွင် ပြဿနာများ ဖြေရှင်းရေး၊ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်ရေး၊ သီးနှံအထွက်တိုးရေးအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လယ်သမားများအား ပညာပေး အစီအစဉ်များ ပြုလုပ်ပေးလျက် ရှိသည်။
ထို့ပြင် ဂျင်မီကာတာသည် ကမ္ဘာ့နိုင်ငံများသို့ သွားရောက်ကာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပြုလုပ်ခဲ့၍ ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။
Credit to >Eleven Media Group< Thanks

No comments:
Post a Comment