Pages

Thursday, October 31, 2013

သမဝါယမ တာဝန်ရှိသူများ၊ မိသားစုနှင့် ဆွေမျိုးများကို ချေးငွေထုတ်ပေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော်တင်

31.10.2013

ဆင်းရဲမှုမွဲတေမှု လျှော့ချရေးအတွက် အသေးစား ချေးငွေလုပ်ငန်းများ လုပ်ကိုင်ရန် တရုတ်နိုင်ငံမှ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးယူထားသည့် သမဝါယမ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေနှင့် ချေးငွေ ထုတ်ပေးရာတွင် မိမိတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများကို ချေးငွေ ထုတ်ပေးရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်ဇင်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“သမဝါယမ ဝန်ကြီးဌာနအနေနဲ့ ချေးငွေ ထုတ်ပေးတဲ့အခါ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုးဆိုတဲ့ မူကိုရှောင်ပြီး အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေကို ထုတ်ပေးဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု အစိုးရ၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ထပ်မံသုံးစွဲရန် တင်ပြသော ရငွေသုံးငွေများနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

သမဝါယမ ဝန်ကြီးဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် တောင်းခံသည့်ငွေမှာ ကျပ် ၁၀၂ ဒသမ ၁၅၄ ဘီလီယံ ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများတွင် အများဆုံး ဖြစ်နေကြောင်း ၎င်းကထောက်ပြသည်။

သမဝါယမ ဝန်ကြီးဌာနသည် အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း၁၀၀ ကို ချေးယူထားပြီး ယင်းချေးငွေ၏ အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ ၁၀ နှစ်စာ ပေးဆောင်ရမည် ဖြစ်သောကြောင့် အကြွေးပြန်ဆပ်သည့် အချိန်တွင် အမေရိကန်ဒေါ်လာ ၁၄၅ သန်းပေးဆပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမ ဝန်ကြီးဌာန၏ လုပ်ငန်းများသည် ၁၀ နှစ်အတွင်း အကျိုးရှိမရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ကျပ်ငွေနှင့် ကန်ဒေါ်လာ လဲလှယ်နှုန်း တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှသာ ချေးငွေရယူသည့် အကျိုးရ လဒ် ကောင်းမွန်နိုင်မည် ဖြစ်ကြောင်း၊ ယင်းအပြင် ဆင်းရဲမွဲတေသည့် ကျေးလက် ဒေသ များသို့ ငွေ ထုတ်ချေး ရာတွင် ယခင်ကျင့်သုံးခဲ့သော သမဝါယမ စနစ်ဟောင်းကို ရှောင်ရှား သင့်ကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမဝါယမ ဝန်ကြီးဌာနသည် ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် မြန်မာနိုင်ငံ မြို့နယ် ၁၃၃ ခုရှိ သမဝါယမ အသင်းသားများကို အသေးစားချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးသုံး စက်မှု ပစ္စည်းများ ထောက်ပံ့ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး ယင်းဝန်ကြီးဌာ ၏ ပြည်ထောင် စု ဝန်ကြီးအဖြစ် ယခင်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက တာဝန်ယူထားသည်။

The Voice Weekly

No comments:

Post a Comment