Pages

Thursday, October 31, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လက်မှတ်ထိုးသင့်၊ မသင့် လိုင်ဇာညီလာခံ ယနေ့ဆုံးဖြတ်မည်

31.10.2013

အစိုးရက ယခုနှစ်အတွင်း လက်မှတ် ရေးထိုးနိုင်မည်ဟု ကြေညာ ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ရေးထိုးရန် သင့်၊မသင့်ကို KIO ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်လျက် ရှိသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ညီလာခံက ယနေ့ (အောက်တိုဘာလ ၃၁ ရက်နေ့) တွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးနိုင်ဟံသာကပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး ပထမနေ့တွင် KNU နှင့်RCSS အဖွဲ့တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဝါဒများနှင့် ပတ်သက်ပြီး အစိုးရနှင့် ဆွေးနွေးထာသည့် အချက်အလက်များကို တင်ပြခဲ့ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်သော တင်ပြချက်များကို ဆွေးနွေးခဲ့ကြောင်း ဦးနိုင်ဟံသာက ဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် ညီလာခံတွင် အစိုးရက ပေးပို့ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မူဝါဒနှင့် ပတ်သက်ပြီး ဆွေးနွေးကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ထိုးရန် သင့်၊ မသင့်ကို ညီလာခံ တက်ရောက်လာသော လက်နက်ကိုင် တပ်ဖွဲ့များထံမှ ဘုံသဘောတူညီချက်တစ်ခု ရယူသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် အစိုးရက ပေးပို့ထားသည့် လက်မှတ်ရေးထိုးရေး သဘောထား မူကြမ်းနှင့် UNFC ၏ မူကြမ်းမှာ ၈၀ ရာခိုင်နှုန်းခန့်အထိ ကွဲလွဲနေကြောင်း UNFC အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

အပစ်အခတ်ရပ်စဲရေးကို သဘောတူလျှင်လည်း လက်နက်ကိုင်အဖွဲ့ အားလုံးက သဘောတူမည် ဖြစ်ပြီး တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့က သီးသန့် သဘောတူညီမှု ပြုလုပ်သွားမည် မဟုတ်ကြောင်း ၎င်းကထပ်လောင်း
ပြောကြားသည်။“ဆုံးဖြတ်ပြီးရင် အစိုးရက လက်ခံတယ်ဆို အပစ်ရပ်လုပ်နိုင်မှာပေါ့။ အစိုးရက လက်မခံဘူး ဆိုရင်တော့ မဖြစ်ဘူးပေါ့” ဟု နိုင်ဟံသာက ဆိုသည်။

UNFC က ချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေး မူဘောင် သဘောထားကို အဖွဲ့ဝင်အားလုံးက လက်ခံသဘောတူကြပြီး UNFC အဖွဲ့ဝင် မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များနှင့်မူ ညှိနှိုင်းရန် လိုအပ်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment