Pages

Tuesday, October 22, 2013

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း လွှတ်တော်တင်မည်

FROM : The Voice Weekly
22-10-2013
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ထိန်းချုပ်နိုင်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU) မှ ပညာရှင်များ ပူးပေါင်း ရေးဆွဲထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုများကို အခြေခံကာ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပညာရှင်များနှင့် ပူးပေါင်း ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ၎င်းကရှင်းပြသည်။“တစ်နိုင်ငံ တည်း ရေးဆွဲလို့ရတာ မဟုတ်ပါဘူး၊ နိုင်ငံတကာ အခြေအနေနဲ့ ကိုင်ပြီး ရေးထားတာ” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။ယင်းဥပဒေကြမ်းကို ယခုနှစ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများ မတိုင်မီ ရေးဆွဲ ထားခြင်း ဖြစ်ပြီး နိုင်ငံ တကာမှ ဝိုင်းဝန်းပံ့ပိုးမှုများ၊ အကြံပေးမှုများ ရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်း ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၊ မန္တလေး တိုင်းဒေသ ကြီး မိတ္ထီလာ ခရိုင်နှင့် ဝမ်းတွင်းမြို့၊ ရှမ်းပြည်နယ် လားရှိုးမြို့တို့တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းများကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းတွင်လည်း ရန်ကုန်မြို့နှင့် မြို့ကြီးအချို့တွင် ဗုံးဖောက်ခွဲ အကြမ်းဖက်သူ အချို့ကြောင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ၊  တောင်ငူမြို့ ၊ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တို့တွင် ဗုံးပေါက်ကွဲခဲ့ပြီး လူသုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေး လုပ်ငန်းများအတွက် ကျပ်ခြောက်ဘီလီယံ အသုံးပြုကာ အထောက်အကူ ပြု ပစ္စည်းများ ဝယ်ယူသွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။

No comments:

Post a Comment