Pages

Tuesday, October 29, 2013

ဧရာဝတီမြစ်ရေ စတင်ကျဆင်းလာပြီး ရေကြောင်း ပြောင်းလဲမှုကြောင့် ဧရာဝတီလင်းပိုင်များ နေရာပြောင်းရွှေ့

အောက်တိုဘာ တတိယပတ်အတွင်း သဖန်းထောင့်ကျေးရွာနှင့် သူဌေးကုန်းကျေးရွာ ရေပြင်တွင် လင်းပိုင်များ ကျက်စားနေသည်ကို တွေ့ရစဉ်



29/10/2013


အောက်တိုဘာလ နှောင်းပိုင်းမှ စတင်၍ ဧရာဝတီမြစ်ရေ စတင်ကျဆင်းလာပြီဖြစ်ရာ ရေပြင်အနေအထား အပြောင်း အလဲပေါ် မူ တည်ပြီး လင်းပိုင်များ နေရာပြောင်းရွှေ့ ကျက်စားလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ဒုတိယအပတ်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေ (မန္တလေး -ကျောက်မြောင်း) အတွင်း စဥ့်ကူးမြို့နယ်ရှိ ဥဒိန်ကျေးရွာနှင့် ကျွန်းတော်လေးကျေးရွာ ရေပြင်တွင် လင်းပိုင်များ ကို တွေ့ရှိခဲ့ ရပြီး ယခုအခါ မြစ်ရေပြင် စတင်ကျဆင်း လာပြီဖြစ်ရာ ရေပြင်အနေအထား အပြောင်းအလဲ ဖြစ်ပေါ်လာမှုကြောင့် သဖန်းထောင့် ကျေးရွာနှင့် သူဌေးကုန်း ကျေးရွာများတွင် ပြောင်းရွှေ့ကျက်စား လျက်ရှိကြောင်း သိရသည်။

''ဒီလပထမ အခေါက်က မြေစွန်းကျေးရွာ ရေပြင်နားမှာ အုပ်စုလိုက် ကျက်စားနေတာ တွေ့ခဲ့ရတယ်။ အခုတစ်ခေါက်မှာတော့ မြေစွန်းနားမှာ လင်းပိုင်ကြိုက်တဲ့ ရေပြင်အနေအထား ပြောင်းသွားတော့ သူတို့ကြိုက်တဲ့ ရေပြင်အနေအထား ရှိတဲ့နေရာတွေကို ပြောင်းရွှေ့ကျက်စား သွားကြတယ်'' ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်းက ပြောကြားသည်။

''လင်းပိုင်အများစုက ဒေသအခေါ် စည်းတန်း (ရေအောက်သဲသောင်) တန်း ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့နေရာတွေမှာ နေထိုင်ကျက်စားလေ့ ရှိကြတယ်။ အရင်တစ်ခေါက်က မြေစွန်းနားမှာ စည်းပြင်အကျယ်ကြီး ဖြစ်နေတော့ လင်းပိုင်အများစု တွေ့ရတယ်။ အခုသဖန်း ထောင့်နားမှာ စည်းတန်းကြီး ဖြစ်နေတော့ အဲဒီနေရာကို လင်းပိုင်တွေ ပြောင်းနေကြတယ်'' ဟု ဦးဟန်ဝင်းက ပြောသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် အောက်တိုဘာ ဒုတိယအပတ်၌ ဥဒိန်ကျေးရွာ အရှေ့ ရေပြင်နှင့် ကျွန်းတော်လေး ကျေးရွာအနောက်ဘက် ရေပြင်တွင် လင်းပိုင်များ အုပ်စုလိုက် ကျက်စားနေသည် ကို တွေ့ရှိခဲ့ကြောင်း၊ အောက်တိုဘာ နောက်ဆုံးပတ်က သဖန်းထောင့်ကျေးရွာ ရေပြင်တွင် လင်းပိုင်ရှစ်ကောင်၊ ဥဒိန်ကျေးရွာ အနီး ရေပြင်တွင် လင်းပိုင်သုံးကောင်နှင့် သူဌေးကုန်းကျေးရွာ ရေပြင်တွင် လင်းပိုင်သုံးကောင် တွေ့ရှိ ခဲ့ရသည်။

Eleven Media Group

No comments:

Post a Comment