ဟင်္သာတ၊ အောက်တိုဘာ ၂၀။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ
ဟင်္သာတ-ဇလွန်လမ်းကြီးပေါ်တွင် (၁၉-၁၀-၂၀၁၃) သီတင်းကျွတ်လပြည့်နေ နံနက် ၇ နာရီ
၄၅ မိနစ် အချိန်ခန့်၌ ဆိုင်ကယ်ချင်းချိတ်မိ၍ အဝေးသင်ကျောင်းသူတစ်ဦး
သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဆိုင်ကယ်နောက်တွင် ထိုင်စီး လာသော
သက်ကယ်ပြင်အုပ်စု သဲထုံးကျေးရွာနေ မနုနုလှိုင် အသက် (၁၈)နှစ် (ပထမနှစ်-အဝေးသင်) ကျောင်းသူသည် ဆိုင်ကယ်ချိတ်မိသောကြောင့် ဒဏ်ရာရရှိကာ ဟင်္သာတဆေးရုံသို့ ပို့ဆောင်ပြီး မကြာမီတွင် သေဆုံးသွားကြောင်း သိရသည်။
လပြည့်နေ့အခါသမယတွင် ဟင်္သာတမြို့ပေါ်မှ ဇလွန်ပြည်တော်ပြန်ဘုရားသို့
ဘုရားဖူးရန် သွားလာကြသော သူများ များပြားသည့်အလျှောက် ယာဉ်မောင်းသူများသည်
ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းသည့်အတွက် ယခုလိုအဖြစ်မျိုး
ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဝေးသင်ကာလတွင် ဆိုင်ကယ်မှောက်၍
သေဆုံးမှုများ နှစ်စဉ်နှစ်တိုင်းလိုပင် ဖြစ်ပေါ်နေသည့်အတွက်
ယာဉ်ထိန်းရဲများ အနေဖြင့် ယာဉ်စည်ကမ်းထိန်းသိမ်းမှုအား အထူးအလေးထား
ဆောင်ရွက်သင့်ကြောင်း တက္ကသိုလ် ၀န်းကျင်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက
ပြောသည်။
No comments:
Post a Comment