Pages

Sunday, October 20, 2013

ရန်ကုန် Junction Maw Tin ရှေ့တွင် ဗုံးလန့်မှုဖြစ်ပွားပြန်

Sunday, October 20, 2013

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းရှိ Junction Maw Tin ဈေးဝယ်စင်တာ၏ မျက်နှာချင်းတိုက်အရှေ့ ပလက်ဖောင်းတွင် ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့ရှိရာမှ အောက်တိုဘာ ၂၀ ရက်က ဗုံးလန့်မှု တစ်ခုဖြစ်ပွားခဲ့သည်။

"အိတ်အမဲထုတ်တွေ့တာပေါ့။ ဒီရက်ထဲမှာကလည်း ခဏ၊ ခဏ ဖြစ်သံတွေကြားနေတော့ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်တာပါ။
သူတို့တော်တော်မြန်တယ်။ ငါးမိနစ်လောက်ဆို ရောက်လာတာပဲ"ဟု ထိုတိုက်တွင်နေသည့် အမည်မဖေါ်လိုသူ အသက် ၅၀အရွယ် အမျိုးသမီးက ပြောပြသည်။

နံနက် ကိုးနာရီ ငါးဆယ်တွင် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရဲများသွားရောက်ရှင်းလင်းခဲ့သည်။ လာရောက်စစ်ဆေးသော လမ်းမတော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်တစ်ဦးက "ဖြူးစ် နှစ်ခုပါတဲ့ သစ်သားမီးပလပ်ခုံပါ။ အိမ်တွေမှာ သုံးတဲ့ မီးပလပ်ခုံပါပဲ။ အဲ့ဒါကို တိပ်အနီနဲ့ ပတ်ပြီးတော့ထားတာ။ တစ်ကယ်တော့ စွန့်ပစ်ထားတာ ဖြစ်မှာပါဗျာ။ ဗုံးမဟုတ်ပါဘူး" ဟု မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလအတွင်း၌ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများနှင့် ဗုံးလန့်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားမှုများအပေါ် လမ်းမတော်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်က "ကျွန်တော်တို့ ဘက်ကတော့ လုံခြုံရေးကို ပိုပြီးတော့ သတိ၊ ဝိရိယနဲ့ လုပ်ရမှာပေါ့။ အဲ့အတွက် မှတ်ချက်တော့ မပေးလိုပါဘူး" ဟု သူကပြောသည်။

ယင်းကဲ့သို့ ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန်တွင် အနီးအနားရှိ လူများဝိုင်းအုံလာမှုကြောင့် ထိုအနားတွင် ယာဉ်ကြောပိတ်ဆို့မှု ခေတ္တမျှဖြစ်ပေါ်ခဲ့ရသည်။

ယခုလ ၁၁ ရက်မှ စပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဗုံးလန့်မှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment