28-10-2013
ရန်ကုန်နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တို့၏
သင်ရိုးညွှန်းတမ်းများကို အာဆီယံအဆင့်မီ သင်ရိုးညွှန်းတမ်းများ ဖြစ်လာစေရန်
သင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးဆွဲရေး
အလုပ်ရုံ ဆွေးနွေးပွဲ ကို အောက်တို ဘာလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်
နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ လွင်လွင်စိုးက ပြောကြားသည်။
“မကြာခင် ပြင်တော့မှာပါ။ အကြီးစား
ပြင်မှာတော့ မဟုတ်ဘူး။ ဒီအလုပ်ရုံ ဆွေးနွေးပွဲက ရတဲ့ရလဒ်တွေ ကို မူတည်ပြီး
ပြင်မယ်” ဟု ၎င်းက The Voice သို့ ထပ်လောင်းပြောကြားသည်။
ယင်းသို့
သင်ရိုးညွှန်တမ်းများ ပြင်ဆင်ရေးဆွဲရာ၌ အာဆီယံဒေသတွင်း တက္ကသိုလ်များ၏
သင်ရိုး ညွှန်းတမ်းများအတိုင်း အဆင့်မီစေရန် အားသာချက်၊ အားနည်းချက်များ
ရှာဖွေကာ ရေးဆွဲသွားရန် ရှိကြောင်း၊ ပြင်ဆင်သည့် အချိန်ကာလကို
မသတ်မှတ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ အလုပ်ရုံ
ဆွေးနွေးပွဲတွင် နိုင်ငံခြားဘာသာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်း
ရေးဆွဲရေး သာမက နိုင်ငံခြားဘာသာများ သင်ကြားရာတွင် ဆရာ၊ ဆရာမများ၏
လက်တွေ့အသုံးချ နည်းစနစ် များကိုပါ ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်
တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
နိုင်ငံခြားဘာသာ
တက္ကသိုလ်များတွင် လက်ရှိ ပညာသင်နှစ်အထိ နိုင်ငံခြားဘာသာစကား ရှစ်ခု
သင်ကြားလျက်ရှိပြီး သင်ယူနိုင်သော ဘာသာစကားများမှာ အင်္ဂလိပ်ဘာသာစကား၊ ဂျာမန်
ဘာသာ စကား၊ ရုရှားဘာသာစကား၊ တရုတ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား၊
ဂျပန်ဘာသာစကား၊ ကိုရီးယား ဘာသာစကားနှင့် ထိုင်းဘာသာစကားတို့ ဖြစ်သည်။
ယင်းအပြင် လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ရန်ကုန် နိုင်ငံခြားဘာသာ
တက္ကသိုလ်တွင် ကျောင်း ဝင် ခွင့် ဦးရေ ၇၀၀ ဦးနှင့် မန္တလေး နိုင်ငံခြားဘာသာ
တက္ကသိုလ်တွင် ၆၅၀ ဦး လက်ခံသွားရန် ရှိကြောင်း ပညာရေးဝန်ကြီးဌာနက
ထုတ်ပြန်ထားသည်။
The Voice
No comments:
Post a Comment