Pages

Monday, October 28, 2013

စားသုံးသူအဖွဲ့ လေးဖွဲ့ နှင့် ၈၈ မျိုးဆက်ကျောင်းသား ပူးပေါင်း၍ Myanmar Consumer Network စဖွဲ့စည်း

28-10-2013

ပြည်တွင်း စားသုံးကုန် ထုတ်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချစွာ သုံးစွဲနိုင်ရန်နှင့် ပြည်ပ ပို့ကုန် များ နိုင်ငံ တကာ အဆင့်မီစေရန် ရည်ရွယ်လျက် နိုင်ငံတွင်းရှိ စားသုံးသူများအတွက် ရည်ရွယ် ဖွဲ့စည်း ထားသော အဖွဲ့လေးဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားတို့ ပူးပေါင်း၍ Myanmar Consumer Network ကွန်ရက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။

အဆိုပါ Myanmar Consumer Network တွင် ပါဝင်သည့် အဖွဲ့အစည်းများမှာ စားသုံးသူ ကာကွယ်ရေး အသင်း၊ Myanmar Consumers Union (MCU)၊ Simplicity Cycles၊ ၈၈ မျိုးဆက်ကျောင်းသား၊ Empower တို့ ဖြစ်ပြီး ပြည်တွင်းရှိ အစားအစာ ဘေးကင်းလုံခြုံစေမှုကို ပထမဦးစွာ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း အဆိုပါ ကွန်ယက်တွင် ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသား ဦးစိုးထွန်းက ပြော ကြားသည်။

ထို့ပြင် ကွန်ရက်ကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် ချိတ်ဆက်နိုင်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း Myanmar Consumer Network က စားသုံးသူများနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကျင်းပနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။“ကျွန်တော်တို့ MCU (Myanmar Consumers Union) ကသုတေသန လုပ်ထားတာလေး တစ်ခုရှိတယ်။

စားသောက်ကုန်က ပြည်သူလက်ထဲ ရောက်တဲ့အထိ ဘယ်ပုံ ဘယ်နည်းသွားတယ်။ ဒီဇင်ဘာလထဲ ထွက်တဲ့အခါ ဒီကွန်ရက် ကိုယ်စားပြု ချပြဖို့ရှိတယ်” ဟု MCU က အတွင်းရေးမှူး (၂) ဦးစိုင်းကြည်ဇင်စိုး က The Voice သို့ ပြောကြားသည်။

ယခုလက်ရှိတွင် Myanmar Consumer Network ဖြစ်မြောက်ရေး အဖွဲ့အဖြစ် ကိုယ်စားပြု အဖွဲ့တစ်ခုစီမှ နှစ်ဦးသည် တစ်ပတ်လျှင် တစ်ကြိမ်တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်ကာ ကွန်ရက် လုပ်ငန်းများ၊ ရည်မှန်းချက်များ စသည်တို့ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အဆိုပါ ကွန်ရက်၏ အတည်ပြု ပြောကြားချက်များအရ သိရသည်။


The Voice

No comments:

Post a Comment