Pages

Wednesday, October 23, 2013

အစိုးရရုံးများရှိ အိုဟောင်းနေသည့် ယာဉ်များကို ဘဏ္ဍာနှစ်အလိုက် အသစ်အစားထိုးရန် တင်ပြမည်

23-10-2013

အစိုးရရုံး၊ ဌာနအသီးသီးတွင်ရှိသည့် ယာဉ်အားလုံး၏ သုံးပုံနှစ်ပုံခန့်မှာ သက်တမ်းကြာနေသည့် ယာဉ်အို ယာဉ်ဟောင်းများ ဖြစ်နေသည့်အတွက် ထိုယာဉ်များကို ဖျက်သိမ်းပြီး အသစ်အစားထိုးရန် ဘဏ္ဍာနှစ် အလိုက် တင်ပြသွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက်တာခင်စန်းရီက ပြောဆိုလိုက်သည်။

အစိုးရဌာနအသီးသီးရှိ အဆိုပါယာဉ်အို၊ ယာဉ်ဟောင်းများကြောင့် ၀န်းထမ်းများ လမ်းခရီး ကြန့်ကြာမှု များ နှင့် မော်တော်ယာဉ်မီးခိုးများကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေသည့်အတွက် အသစ် အစားထိုးရန် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်တွင် ၀မ်းတွင်းမြို့နယ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါ တီအမတ် ဦးသန်းမြင့်၏ မေးမြန်းမှုကို ဒု-၀န်ကြီးက ယခုကဲ့သို့ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

ဒု-၀န်ကြီးက “လက်ရှိအခြေအနေမှာတော့ အစိုးရရုံးဌာနရှိ မော်တော်ယာဉ်များအနက် ပြုပြင်သုံးစွဲ၍ ရတဲ့ မော်တော်ယာဉ်များကို ပြင်ဆင် သုံးစွဲလျက်ရှိပြီး သုံးရန် တွက်ချေမကိုက်တဲ့ ယာဉ်အို ယာဉ်ဟောင်း ကို နိုင်ငံပိုင်စာရင်းမှပယ်ဖျက်၍သံရည်ကျိုဖျက်ဆီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။

ယခုနှစ် စက်တင်ဘာလကုန်အထိ ရရှိသော စာရင်းများအရ အစိုးရဌာနအသီးသီးတွင် မော်တော်ယာဉ် အစီးပေါင်း ၃၈,၈၈၈ စီးအနက် ၂၅၂၂၀ စီးမှာ ယာဉ်အို၊ ယာဉ်ဟောင်းများ ဖြစ်နေသည်ဟုလည်း ဒု-၀န် ကြီးက ပြောသည်။

ယခုဘဏ္ဍာရေးနှစ်တွင် အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများနေရာ၌ အစားထိုးရန် လူစီးယာဉ် ၁၃၁၈ စီး နှင့် ဘတ်စ်ကား ၄၂၄ စီး ၀ယ်ယူရန် ပြည်ထောင်စုလွှတ်တော်က ငွေလုံးငွေရင်း အသုံးစရိတ်တွင် ခွင့်ပြု ပေးထားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးမှ ယခုနှစ် စက်တင်ဘာလကုန်အထိ နှစ်နှစ်ကျော်အတွင်း ယာဉ်အို၊ ယာဉ် ဟောင်းဖြစ်နေသည့် မော်တော်ယာဉ်အစီးပေါင်း ၁၉၀၁ စီးအား နိုင်ငံပိုင်အဖြစ်မှ ပယ်ဖျက်ပြီး သံရည်ကျို ပြီး ဖြစ်သည်ဟုလည်း ဒု-၀န်ကြီး ဒေါက်တာခင်စန်းရီက လွှတ်တော်တွင် ပြောဆိုသွားသည်။

Mizzima - News in Burmese

No comments:

Post a Comment