30.10.2013
လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှု ၁၁ လပြည့်မြောက်သည့်
အောက်တိုဘာလ၂၉ ရက်နေ့ ညနေပိုင်းက လက်ပံတောင်းဒေသခံများက လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရားခံများကို ဖော်ထုတ်
အရေးယူပေးရေး စသော တောင်းဆိုချက် ခုနစ်ချက်ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒ
ထုတ်ဖော်မှုတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။
တောင်းဆိုခဲ့သည့် အချက်ခုနစ်ချက်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
လုံးဝဖျက်သိမ်းရေး၊ မီးလောင်ဗုံး တရားခံများကို ဖော်ထုတ် အရေးယူပေးရေး၊
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား ရုပ်သိမ်းပေးရေး၊ ဥပဒေမဲ့ အကြမ်းဖက်ကာ
မြေယာနှင့် သီးနှံများ ဖျက်ဆီးနေမှုကို အရေးယူပေးရေး၊
စုံစမ်းစစ်ဆေးရေး
ကော်မရှင် အစီရင်ခံစာပါ အချက်များကို ကျော်လွန်၍ လုပ်ဆောင်နေမှုများ
ချက်ချင်းရပ်၊ ဇီးတောကျေးရွာ ဘုန်းကြီးကျောင်း အကြမ်းဖက်သည့် တရားခံများ
ဖော်ထုတ် အရေးယူပေးနှင့် ဒေသခံများ လွှတ်တော်နှင့် သမ္မတကို လိမ်လည်
ပြုလုပ်နေသော အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အလိုမရှိ စသည့်အချက်များကို
ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း
လက်ပံတောင်းဒေသခံ တစ်ဦးက ဆိုသည်။
ဆန္ဒထုတ်ဖော်ခြင်းကို
တုံရွာထိပ်မှ စတင်ထွက်ခွာခဲ့ပြီး၊ တုံ၊ ဆည်တည်းနှင့် အနီး ပတ်ဝန်းကျင်
ကျေးရွာများမှ ဒေသခံ အင်အား ၂၀၀ နီးပါးခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကာ
ဆည်တည်းဇီး တောရွာသစ် ရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ တစ်နာရီ
ဝန်းကျင်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ယခု ဆန္ဒထုတ်ဖော်မှုမှာ တရားဝင် ခွင့်ပြုမိန့်တင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း
ဖြစ်ပြီး လက်ပံတောင်း ဒေသ တွင် ဆန္ဒထုတ်ဖော်မှုပေါင်း ရာကျော်ခန့် ရှိနေပြီ
ဖြစ်ကြောင်း တာဝန်ရှိ ရဲအရာရှိတစ်ဦး က ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment