Pages
▼
Wednesday, October 16, 2013
မီဒီယာဥပဒေကြမ်းပါ အရေးကြီးသည့် ပုဒ်မနှစ်ခု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ပယ်ဖျက်
Wednesday, October 16, 2013
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲပြီး အမျိုးသား လွှတ်တော်က အတည်ပြုပြီး ဖြစ်သည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ စာနယ်ဇင်း ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် သတင်းမီဒီယာကို အကာအကွယ် ပြုသည့် အရေးကြီးဥပဒေ ပုဒ်မနှစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပယ်ဖျက်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များထံမှ သိရသည်။
သတင်းမီဒီယာ ဥပဒေကြမ်း ပုဒ်မ (၁၂) “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့ အစည်းဖြစ်သည်” ဟူသော အချက်နှင့် ပုဒ်မ (၃၂) “ဥပဒေအရ တားမြစ်ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် သတင်းစာ၊ ဂျာနယ်၊ စာစောင် စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်း ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ နှင့်အညီ ဆောင်ရွက်ရမည်” ဟူသော ပုဒ်မနှစ်ခုကို ဥပဒေကြမ်းကော်မတီက ပယ်ဖျက်လိုက်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
"ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ ပယ်ဖျက်ချက်ကို ကောင်စီအနေနဲ့ လက်မခံနိုင်ပါဘူး" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးက ဆိုသည်။
ဥပဒေကြမ်း ပုဒ်မ(၁၂) ကို ပယ်ဖျက်ခြင်းမှာ နိုင်ငံတော်သမ္မတ လမ်းညွှန်ဖွဲ့စည်း ပေးထားသည့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍကို မထေမဲ့မြင် ပြုရာရောက်ကြောင်း၊ ပုဒ်မ(၃၂) မှာလည်း ယခင်က ပြုမူဆောင်ရွက်မှု များတွင် ဥပဒေနှင့်အညီ မဆောင်ရွက်သဖြင့် ထည့်သွင်း ရေးဆွဲရခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ဥပဒေကြမ်းကော်မတီ အနေနှင့် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ဖြစ်သည့် ဥပဒေပုဒ်မများကို ပယ်ဖျက်ရာတွင် စာနယ်ဇင်းကောင်စီကို လုံးဝကြိုတင် အသိပေး မေးမြန်းခြင်း မရှိကြောင်း စာနယ်ဇင်း ကောင်စီဝင်တစ်ဦးက ထောက်ပြသည်။
ပယ်ဖျက်သည့် အချက်နှစ်ချက်သည် ဥပဒေတွင် ပိုနေသည့် စကားရပ်များအဖြစ် ထောက်ပြခြင်းများ ရှိပြီး ယင်းသို့ ပယ်ဖျက်ခြင်းကြောင့် မူလဥပဒေ၏ အနှစ်သာရကို ပြောင်းလဲမည်မဟုတ်ဘဲ ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းဆိုင်ရာများကို အပြည့်အဝ ပေးထားကြောင်း ဥပဒေကြမ်း ကော်မတီဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်က ပြောဆိုသည်။
"မူလဥပဒေရဲ့အနှစ်သာရ မပျက်ပါဘူး" ဟု ၄င်းက ဆိုသည်။
ဥပဒေကြမ်း ကော်မတီ၏ ပယ်ဖျက်ချက်များကို ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး များတွင် ဆက်လက် ဆွေးနွေးနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် စတုတ္ထမဏ္ဍိုင်သည် တိုင်းပြည်အတွက် အရေးကြီးကြောင်း မည်သို့ပင် ပြောဆိုစေကာမူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လုပ်ရပ်မှာ လွတ်လပ်သည့် စာနယ်ဇင်း အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်၊ တည်ရှိခွင့်များနှင့် ပတ်သက်၍ လုံးဝ အားပေးခြင်းမရှိ ဆိုသည်မှာ ပေါ်လွင် ထင်ရှားနေကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးက မှတ်ချက်ပြုသည်။
"စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍပေါ်မှာ အစိုးရကရော၊ လွှတ်တော်ကရော တကယ် အားပေးအားမြှောက် ပြုရဲ့လား ဆိုတာ သံသယရှိစရာ တော်တော်ကောင်းလာပြီ" ဟု ၄င်းကဆိုသည်။
အမျိုးသားလွှတ်တော်က အတည်ပြု ထားသည့် အဆိုပါ သတင်းမီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ထပ်မံ အတည်ပြုနိုင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ကော်မတီဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးရယ်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment