Pages

Wednesday, October 30, 2013

ပြည်တွင်းခရီးစဉ်များတွင် ကားစက်ချို့ယွင်းမှုဖြစ်ပါက ပြည်တွင်းခရီးသွားဝန်ဆောင်မှုအသင်းက ကားအစားထိုးဝန်ဆောင်မှု ပေးမည်

30.10.2013

သီဟကိုကို

ယခုခရီးသွားရာသီမှစတင်ကာ ပြည်တွင်းအပန်းဖြေနှင့် ဘုရားဖူးခရီးစဉ်များတွင် ကားများ စက်ချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပါက ၀န်ဆောင်မှုတစ်ရပ်အနေဖြင့် အစားထိုးကားများ ချက်ချင်းလဲလှယ်ပြီး ခရီးသည် များကို ပို့ဆောင်ပေးမည်ဟု ပြည်တွင်းခရီးသွားဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးသန်းဌေးက အောက်တိုဘာ ၂၇ ရက် က မဇိ္ဈမသို့ ပြောသည်။

အဆိုပါ ၀န်ဆောင်မှုအား အသင်းဝင်ခရီးသွားလုပ်ငန်းများကို ပေးသွားမည်ဖြစ်ပြီး အသင်းဝင် ခရီးသွား လုပ်ငန်းများကလည်း အသင်းအမှတ်တံဆိပ်ပါ လက်မှတ်ဖြင့် ရောင်းချသွားမည်ဟု ယင်းက ပြောသည်။

သန်းဌေးနှင့် ရောင်းရင်းများ ပြည်တွင်းခရီးသွား ၀န်ဆောင်မှုလုပ်ငန်းမှ ဦးသန်းဌေးက “လမ်းခရီးမှာ ကားဟောင်းဟောင်း၊ သစ်သစ်အခန့်မသင့်ရင် ပျက်တက်တယ်၊ တချို့ခရီးတွေက လမ်းသိပ်ကြမ်းတယ်၊ ဘယ်မှာပဲပျက်ပျက် ပျက်တဲ့နေရာထိကို ကားအစားထိုးပေးမယ်၊ ခရီးသည်တွေအနေနဲ့က အကွာအဝေး အလိုက်အချိန်တော့ ကျွန်တော်တို့ကို ပေးရမယ်ပေါ့၊ ရန်ကုန်နားမှာဖြစ်တာနဲ့ နေပြည်တော်လောက် မှာ ဖြစ်တာက ရောက်လာတာချင်း မတူနိုင်ဘူးလေ”ဟု ပြောသည်။

ပြည်တွင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ခရီးစဉ်အတွင်း မော်တော်ကားစက်ချို့ယွင်းမှု တစ်စုံတစ်ရာ ဖြစ်လာပါက ကားအစားထိုးပေးလေ့ရှိသော်လည်း ယင်းသို့ အစားထိုးပေးရန် အခက်အခဲများရှိသည့်အတွက် အသင်းအနေဖြင့် ကားအစားထိုးပေးသွားရန် စီစဉ်ခြင်းဖြစ်သည်။

ဦးသန်းဌေးက “ခရီးသွားလုပ်ငန်းတွေကလမ်းမှာ ကားပျက်ရင်အစားထိုးပေးကြပါတယ်၊ ဒါပေမဲ့ တချို့ ကလည်း အခက်အခဲရှိတယ်၊ အသင်းကကြားဝင်ပြီး ၀န်ဆောင်မှုပေးတဲ့သဘောပါ” ဟု ပြောသည်။

ခရီးသွားများအနေဖြင့် ပြည်တွင်းခရီးသွားဝန်ဆောင်မှုအသင်းဝင် ခရီးသွားလုပ်ငန်းများနှင့် သွားမည်ဆို ပါက လုံခြုံစိတ်ချရသည့် ၀န်ဆောင်မှုမျိုးကို အာမခံပြီး ခရီးသည်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအကြား ဖြစ်ပေါ်လာသည့် မည်သည့် ပြဿနာကိုမဆို တာဝန်ယူဖြေရှင်းပေးမည်ဟု အသင်းမှ တာဝန်ရှိသူ များက ပြောသည်။

ယခင်က ပြည်တွင်းခရီးသွားဝန်ဆောင်မှုအသင်းမှာ ယာယီအသင်းသာဖြစ်သော်လည်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရမှ စက်တင်ဘာ ၃၀ ရက်တွင် တရားဝင်အသင်းအဖြစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချူပ် (Myanmar Tourism Federation) လက်အောက်ရှိ အသင်းဝင် ၁၁ သင်းအနက် ပြည်တွင်းခရီးသွားဝန်ဆောင်မှုအသင်းမှာလည်း တစ်သင်းအပါအ၀င် ဖြစ်သည်။

ရွှေအိုးစည် ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း (ပန်းဆိုးတန်းရုံး) မှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ ကားပျက်ရင်လည်း ကိုယ့်ဟာကိုယ်အစားထိုးပေးပါတယ်၊ အသင်းက အခုလိုဆောင် ရွက်ပေး တယ်ဆိုလည်း ကောင်းပါတယ်”ဟု ပြောသည်။

ပြည်တွင်း ခရီးသွားဝန်ဆောင်မှုအသင်းတွင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၁၅၀ ခန့် အသင်းဝင်ထားပြီး လက်ရှိတွင် ပြည်တွင်းခရီးသွားလုပ်ငန်း ၃၀၀ ၀န်းကျင်ခန့် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

ယခုနှစ် ပွင့်လင်းရာသီအစတွင် ပြည်တွင်းခရီးသွားများ ခရီးသွားလာမှုနှုန်းပြီးခဲ့သည့် နှစ်များထက် ပိုမိုများပြားလာခဲ့သည်ဟုလည်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းခရီးသွားများသည် ငွေဆောင်၊ ချောင်းသာ၊ ကျိုက်ထီရိုး၊ ကျိုက္ခမီ -စက်စဲ၊ ပုဂံ-ညောင်ဦး-ပုပ္ပါး၊ တောင်ကြီး-အင်းလေး၊ ထားဝယ် ရှင်ကိုးရှင်၊ မန္တလေ -မုံရွာ၊ ဇလွန်ဒေသများသို့ အများဆုံးသွားလေ့ရှိသည်။


Mizzima

No comments:

Post a Comment