Pages

Wednesday, October 30, 2013

အဆောက်အအုံ ဆောက်လုပ်ခွင့် ၄၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဟု စည်ပင်အာမခံ

30.10.2013

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနသို့ အဆောက်အအုံ ဆောက်လုပ်ခွင့် လာရောက်လျှောက်ထားသူ များကို လိုအပ်သည့် အထောက်အထားများ ပြည့်စုံပါက ၄၅ ရက်အတွင်း အပြီးသတ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနမှူး ဦးမောင်မောင်ဇော်က အတည်ပြု ပြောကြားသည်။

အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ခွင့်ပြုချက် လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှု အထောက် အထားသည် အဓိက ကျပြီး အဆောက်အအုံ၏ ဒီဇိုင်း၊ ပတ်ဝန်းကျင် နေထိုင်သူ၏ ထောက်ခံချက်နှင့် အခြား လိုအပ်သော ခွင့်ပြုချက်များ တစ်ပါတည်းဖြင့် လျှောက်ထားပါက လျှောက်ထားသည့်ရက်မှ စတင်၍ ၄၅ ရက်အတွင်း ခွင့်ပြုချက် ရရန် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

"အဆောက်အအုံ အမျိုးအစားတွေ အလိုက် လိုအပ်တဲ့ အချက်အလက် ကွာပါတယ်။ အထပ်မြင့် အတွက် လျှောက်မယ်ဆိုရင် Drawing ကအစပါရမယ်။ အချက်အလက် မပြည့်စုံရင်တော့ လိုအပ် တာတွေကို ဖြည့်ရတဲ့အတွက် အချိန်နှစ်လကနေ သုံးလအထိ ကြာနိုင်ပါတယ်" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

လျှောက်ထားသူများ အနေနှင့် ၄၅ ရက်အတွင်း ခွင့်ပြုချက် မရရှိပါက အင်ဂျင်နီယာဌာန (အဆောက်အအုံ) သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သကဲ့သို့ YCDC ၏ Website တွင်လည်း ဝင်ရောက်ကြည့်ရှု၍ မည်သည့် အချက်အလက်များ လိုအပ်သည်ကို သိရှိနိုင်ကြောင်း၊ အဆောက်အအုံ များကို သုံးထပ်ခွဲအထိ ရှိပါက အထပ်နိမ့်၊ လေးထပ် ကျော်လွန်ပါက အထပ်မြင့်အဖြစ် သတ်မှတ်ထားကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။

"ကြာတယ်ဆိုတာက စာရွက်စာတမ်း မပြည့်စုံတာတွေ၊ မြေအမည်ပေါက် မမှန်တာ မျိုးကြောင့်ပါ။ စာရွက်စာတမ်းမှန်ရင်တော့ နှစ်ပတ်လောက်နဲ့ပြီးပါတယ်"ဟု အောင်ကောင်းကျော် ဆောက်လုပ်ရေး
ကုမ္ပဏီမှ ဒါရိုက်တာ ဦးအေးစိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment