Pages

Tuesday, October 22, 2013

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရန် သုတေသနစီမံကိန်းတစ်ခုကို လေးနှစ်အတွင်း ဆောင်ရွက်မည်

22-10-2013

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာရန် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ ကျေးရွာများရှိ အိမ်မွေး တိရစ္ဆာန်များကို သုတေသနလုပ်သည့် စီမံကိန်းတစ်ခုအား လေးနှစ်အတွင်း အပြီးဆောင်ရွက်မည် ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်မန်နေဂျာ ဒေါက်တာကျော်နိုင်ဦးက မဇ္ဈိမကို ပြောသည်။

“စီမံကိန်းအတွက် လျာထားတဲ့ ကျေးရွာတွေမှာ နွားမွေးမြူရေး သုတေသနလုပ်ငန်းတွေ သိုးနဲ့ ဆိတ် မွေးမြူရေး သုတေသနလုပ်ငန်းတွေ ကြက်မွေးမြူရေး သုတေသနနဲ့ တိရစ္ဆာန်အစာဖွံ့ဖြိုးရေး အထူးသုတေသနတွေကို လုပ်ဆောင်သွားမယ်”ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်မန်နေဂျာ ဒေါက်တာကျော်နိုင်ဦးက ပြောသည်။

ထိုစီမံကိန်းအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)နှင့် သြစတြေးလျ အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး သုတေသနအဖွဲ့တွင် သြစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်နှင့် မဲလ်ဘုန်းတက္ကသိုလ်တို့ ပါဝင်မည် ဖြစ်သည်။

ထိုစီမံကိန်းကို မိတ္ထီလာမြို့ ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာမှ စတင်၍ သုတေသနပြု လုပ်မည် ဖြစ်ပြီးမိတ်္ထီလာမြို့ ကျေးရွာတစ်ရွာနှင့် မြင်းခြံမြို့မှ ကျေးရွာတစ်ရွာတို့တွင် အောက်တိုဘာလ ဒုတိယပတ်မှ စတင် အကောင်အထည်ဖော်နေပြီဟု ဒေါက်တာကျော်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာများတွင် ဒေသခံများ တစ်ပိုင်တစ်နိုင် မွေးမြူထားသည့် တိရစ္ဆာန်၏ လိုအပ်ချက် များကို လေ့လာရန် သြစတေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ သုတေသနအဖွဲ့မှ အငယ်တန်း သုတေသီတစ်ဦးကကျေးရွာများတွင် နေထိုင်ကာ တိုင်းတာစစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ သုတေသနလုပ်ဆောင်သည့် ရလဒ်ကို လည်း ကျေးရွာများထံ ပြန်လည် ဖြန့်ဝေပေးမည်ဟု ဆိုသည်။

လက်ရှိတွင် မိတ္ထီလာမြို့ ရေဝေကျေးရွာအုပ်စု ကျောက်အိုးကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံကာ စီမံကိန်းဆောင်ရွက်မည့် အခြေအနေများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမျိုးသားအဆင့် စီမံချက်အဖွဲ့မှ ကွင်းဆင်း လုပ်ဆောင်ပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment