Pages
▼
Tuesday, October 8, 2013
အီဂျစ်စစ်တပ် ဆန့်ကျင်ရေး ဆန္ဒမပြရန် အာဏာပိုင်များ ပြင်းပြင်းထန်ထန် သတိပေး
ကိုင်ရို၊ အောက်တိုဘာ ၆
အီဂျစ်-အစ္စရေး ၁၉၇၃ ခုနှစ် စစ်ပွဲ အထိမ်းအမှတ် အခမ်းအနားကို တနင်္ဂနွေ နေ့တွင်ကျင်းပမည် ဖြစ်ပြီး ယင်းနေ့တွင် တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြသူများကို နိုင်ငံခြား သြဇာခံများအဖြစ် သတ်မှတ်မည်ဟု အီဂျစ်အာဏာပိုင်များက ပြင်းပြင်းထန်ထန် သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မွတ်ဆလင် ညီနောင်များအဖွဲ့က တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းကြောင့် အီဂျစ်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက တပ်မတော် ဆန့်ကျင်ရေး ဆန္ဒပြမှု မပြုလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့က မွတ်ဆလင် ညီနောင်များအဖွဲ့က ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပြီး ယင်းဆန္ဒပြပွဲသည် သြဂုတ် ၁၄ ရက်နေ့၌ မွတ်ဆလင် ညီနောင်များ အဖွဲ့၏ သပိတ်စခန်းများ ဖြိုခွင်း ခံခဲ့ရပြီးသည့်နောက် ပေါ်ထွက်လာသော အတင့်ရဲဆုံး ဆန္ဒပြမှုများ ဖြစ်သည်။
ထို့အပြင် ၁၉၇၃ ခုနှစ် စစ်ပွဲ အထိမ်းအမှတ်နေ့တွင် လူထုဆန္ဒပြပွဲကြီးများ ကျင်းပရန် မွတ်ဆလင် ညီနောင်များအဖွဲ့နှင့် အခြားသော အဖွဲ့များက စီစဉ်ထားခြင်းကြောင့် ဆန္ဒမပြရန် အီဂျစ်အာဏာပိုင်များ တားမြစ် သတိပေးထားခြင်း ဖြစ်သည်။
အဆိုပါ စစ်ပွဲအတွင်း အီဂျစ်တပ်ဖွဲ့ဝင်များက ဆိုင်းနိုင်းဒေသရှိ အစ္စရေး ခံစစ်စခန်းများကို ထိုးဖောက်ပြီး ဆူးအက်တူးမြောင်းကို ဖြတ်သန်း ချီတက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အစ္စရေး တပ်ဖွဲ့ဝင်များက အီဂျစ်ထိုးစစ်ကို တွန်းလှန်နိုင်ခဲ့သည်။
“စစ်အောင်ပွဲနေ့ (၁၉၇၃ ခုနစ် အောက်တိုဘာ ၆ စစ်ပွဲ) နေ့မှာ တပ်မတော်ကို ဆန္ဒပြသူတွေကို နိုင်ငံခြား လက်ပါးစေလို့ သတ်မှတ်မယ်။ တက်ကြွလှုပ်ရှားသူလို့ သတ်မှတ်မှာ မဟုတ်ဘူး။ အာဏာပိုင် ဆန့်ကျင်ရေးကနေ နိုင်ငံတော် ဆန့်ကျင်ရေးဆီကို ကူးပြောင်းဖို့ မသင့်လျော်ပါဘူး” ဟု အီဂျစ်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
ထို့အပြင် အထိမ်းအမှတ်နေ့အတွင်း ရဲတပ်ဖွဲ့စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အကြမ်းဖက်သမားများ စီစဉ်ထားသည်ကို ကြိုတင် တားဆီးနိုင်လိုက်ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။
အီဂျစ် အစ္စလာမ္မစ်ဝါဒီ သမ္မတမော်စီကို တပ်မတော်က စစ်အာဏာ သိမ်းလိုက်ပြီးနောက် ကြားဖြတ် အစိုးရသစ်တစ်ရပ်ကို တင်မြှောက်လိုက်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပြုထားသော်လည်း မွတ်ဆလင် ညီနောင်များအဖွဲ့က ကန့်ကွက်နေခြင်းကြောင့် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားလျက်ရှိသည်။
အသစ်ထပ်မံ ရေးဆွဲမည့် အခြေခံဥပဒေသစ်မှာ အီဂျစ်နိုင်ငံသားအားလုံး အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မည် ဖြစ်ကြောင်း အခြေခံဥပဒေ ရေးဆွဲပြီးသည့် နောက်တွင် ရွေးကောက်ပွဲများ ချက်ချင်း ကျင်းပပေးမည် ဖြစ်ကြောင်း ကြားဖြတ် အစိုးရသမ္မတ အတ်လီမန်ဆာက ကတိပြု ပြောကြားသည်။

No comments:
Post a Comment