Pages

Tuesday, October 8, 2013

MTV EXIT ROAD SHOW ဖျော်ဖြေပွဲ နယ်မြို့များတွင် ပြုလုပ်မည်



ရန်ကုန်၊ အောက်တိုဘာ ၆

လူကုန်ကူးမှုနှင့် ပတ်သက်သော အသိအမြင် ဗဟုသုတများကို မျှဝေပေးသည့် အစီအစဉ်များ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများ ပါဝင်မည့် MTV Exit Road Show ဖျော်ဖြေပွဲကို မော်လမြိုင်၊ ဘားအံနှင့် ပုသိမ်မြို့များတွင် အောက်တိုဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းပွဲ၏ စီစဉ်တင်ဆက်မှုပိုင်းကို တာဝန်ယူထားသည့် Star International Model Agency မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဂျွန်လွင်က The Voice သို့ ပြောကြားသည်။
“အဓိကကတော့ ဒီပွဲလေးက ဖျော်ဖြေရေးထက် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးတဲ့ ပွဲလေးပါ။ တေးသံရှင် ဖြိုးကြီး၊ ထက်နေကြည်၊ ဖြူဖြူကျော်သိန်း၊ သန္တာဗိုလ်တို့ရဲ့ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေမှုအပြင်၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ပညာပေး ဟောပြောပွဲ အစီအစဉ်လေးတွေပါမယ်။ ခရီးစဉ်ကတော့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ၊ မော်လမြိုင်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဘားအံ၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပုသိမ်မှာ ဖျော်ဖြေမယ်” ဟု ဖျော်ဖြေပွဲများနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ပြည်သူများနေနှင့် လူကုန်ကူးမှုနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကြိုတင်သိရှိ ထားပါက လူကုန်ကူးမှု အန္တရာယ်ကို ကြိုတင်ရှောင်ရှား နိုင်ကြမည် ဖြစ်ကြောင်း၊ စီးပွားရေး အခက်အခဲကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသူများ အနေနှင့် မသွားမီကတည်းက ကိုယ်ရွေးချယ်လိုက်သော အလုပ်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အလုပ်ခွင်သည် မိမိအတွက် လုံခြုံမှုရှိ မရှိ၊ အခက်အခဲ တွေ့လာပါက မိမိ၏ မိဘ ဆွေမျိုးသားချင်းများနှင့် အလွယ်တကူ ဆက်သွယ်၍ရ မရ စသည့် အချက်များကို ကြိုတင်လေ့လာထားရန် လိုအပ်ကြောင်း တေးသံရှင် ဖြူဖြူကျော်သိန်းက မှတ်ချက်ပြုသည်။

MTV Exit က ကြီးမှူးကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့ပြီး ကမ္ဘာကျော် တေးသံရှင် ဂျေဆင်မရတ်နှင့်အတူ မြန်မာနိုင်ငံမှ နာမည်ကျော် တေးသံရှင်များဖြစ်သည့် Rဇာနည်၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ လင်းလင်း၊ ချစ်သုဝေတို့က ပါဝင်ဖျော်ဖြေခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment