Pages

Thursday, October 17, 2013

သစ်တောကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်လုပ်ကိုင်ခွင့်အား မြေဧရိယာ ၁၀၀၀ ဧကအောက်သာ ချထားပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

Thursday, October 17, 2013

သစ်တော ကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်လုပ်ကိုင်ခွင့်အား ဧက ၁၀၀၀ အောက်တွင်သာ ချထားပေးသင့်ပြီး ဧက ၁၀၀၀ မှ ၁၀၀၀၀ ဧကအထိ ခွင့်ပြု ချထားပေးခြင်းများကို ပြန်လည် သုံးသပ်သင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က ထောက်ပြ ဆွေးနွေးပြောကြားခဲ့သည်။

အောက်တိုဘာ ၁၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဦးမျိုးမြင့်က သစ်တောကဏ္ဍတွင် ပုဂ္ဂလိက ပါဝင်လုပ်ကိုင်ခြင်းကို ဧက ၁၀၀၀ အောက်တွင်သာ ချထားပေးသင့်ကြောင်း၊ ဧက ၁၀၀၀ မှ ၁၀၀၀၀ အထိ ခွင့်ပြု ချထားပေးခြင်းမှာ လက်တွေ့ မည်သို့မျှ မဖြစ်နိုင်ခြင်းကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှု မရှိစေရန်အတွက် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

"ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အများဆုံး လုပ်ကိုင်နေတာက သွားလာရ လွယ်ကူတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ပိုမိုများပြားတာ တွေ့ရတယ်။ စိုက်ဧရိယာ ၅၀၀ ဧကမှ ၁၀၀၀၀ ဧကအတွင်း ခွင့်ပြုချက်ရထားသူ ၅၀ ဦး ရှိပါတယ်။ တစ်ဧကမှ ၅၀၀ ဧက အတွင်း ခွင့်ပြုချက် ရထားသူ ဦးရေက ၂၈၀ ဦး ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောအတွင်းမှာ ၂၀၁၃-၂၀၁၄ ခုနှစ် ဒုတိယ သုံးလပတ်ကုန်အထိ ပုဂ္ဂလိက သစ်တော စိုက်ခင်း စိုက်ပျိုးပြီးစီးမှုက ၅၈၂၀၇ ဧကပဲ ရှိသေးတယ်။ ခွင့်ပြုထားတာနဲ့စာရင် တစ်ဝက်လောက်တောင် မရှိဘူး။ ဧကအများကြီး ချထားပေးနေတာကို ပြန်လည် သုံးသပ်သင့်ပါတယ်"ဟု ဦးမျိုးမြင့်က ပြောကြားခဲ့သည်။

"၂၀၁၃-၂၀၁၄ ခုနှစ် ဒုတိယသုံးလပတ်ကုန်အထိ ပုဂ္ဂလိက သစ်တောစိုက်ခင်း ပြီးစီးမှုမှာ ကျွန်းစိုက်ပျိုးသူ ၅၅ ဦးအား ၈၉၉၅၄ ဧက ခွင့်ပြုထားပြီး ၄၄၃၉၉ ဦးသာ ပြီးစီးသေးပါတယ်။ သစ်မာအတွက် စိုက်ပျိုးသူ ၂၄၅ ဦးအား ၃၆၁၃၅ ဦး ခွင့်ပြုထားပြီး ၉၈၉၅ ဧကသာ ပြီးစီးသေးပါတယ်။ ရာဘာ စိုက်ပျိုးသူ ၂၉ ဦးအတွက် ၂၆၉၈၅ ဧက ခွင့်ပြုထားပြီး ၃၉၁၃ ဧကသာ ပြီးသေးပါတယ်။ ဒါကြောင့် စိုက်ပျိုးသူ ၃၂၉ ဦးအတွက် ခွင့်ပြုမြေ ၁၅၃၀၇၄ ဧက အတွက် ၅၈၂၀၇ ဧကသာ ပြီးစီးတဲ့အတွက် စိုက်ပျိုးနိုင်မှု စုစုပေါင်းက ခွင့်ပြုထားတာရဲ့ ၃၈ ရာခိုင်နှုန်းသာရှိတာ တွေ့ရပါတယ်။ ချုပ်ဆိုထားတဲ့ စာချုပ်အရဆိုရင် ခွင့်ပြုတဲ့ အချိန်ကနေ ငါးနှစ်အတွင်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးရမှာ ဖြစ်ပါတယ်"ဟု ဦးမျိုးမြင့်က ပြောကြားခဲ့သည်။

ပုဂ္ဂလိက အခန်းကဏ္ဍအား လုပ်ကိုင်ခွင့်ပေးထားသော သဘောတူညီချက် စာချုပ်ပါ ကာလငါးနှစ်စေ့ချိန်တွင် ရာခိုင်နှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးရမည်ဖြစ်ကြောင်း၊ လက်ဦးမှု ရယူရုံ အသွင်သဏ္ဌာန်မျိုး မဖြစ်စေသင့်ကြောင်း၊ နောင်မျိုးဆက်များအတွက် လက်တွေ့ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ တာဝန် ပျက်ကွက်မှုများအတွက် ထိရောက်သော အရေးယူမှုများ ပြုလုပ်လျှက် စိတ်ဝင်တစား လုပ်ကိုင်လိုခြင်း မရှိသည့်အပေါ် အချိန်များ ဆုံးရှုံးမှုမခံဘဲ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးမျိုးမြင့်က ထောက်ပြခဲ့သည်။

Eleven Media Group

No comments:

Post a Comment