Pages

Monday, October 21, 2013

လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် ESIA စစ်တမ်း၏ နောက်ဆုံးမူကြမ်းအား အစိုးရအဖွဲ့သို့ တင်ပြထားပြီး အမြန်ဆုံး ထုတ်ပြန်ရန်ရှိ

Monday, October 21, 2013

လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းချုပ်ကွပ်ကဲရေး စီမံချက်နှင့် လူမှုရေး သက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှု Environmental and Social Impact Accessment -ESIA စစ်တမ်းအား နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှု အတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် သြစတြေးလျနိုင်ငံမှ Knight Piesold ကုမ္ပဏီနှင့် ရေးဆွဲခဲ့ပြီး နောက်ဆုံးမူကြမ်း (Final Draft) အား အစိုးရအဖွဲ့ထံ တင်ပြထားကာ အမြန်ဆုံး ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း မြန်မာ ၀မ်ပေါင်ကုမ္ပဏီမှ သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာ ထွက်လာပြီးနောက် လက်ပံတောင်းတောင် စီမံကိန်းအတွင်း ပါဝင်နေသော် လည်း မြေ ယာလျော်ကြေးများ လက်ခံရရှိမှု မရှိသည့် ဒေသခံများ၏ လယ်ယာမြေများအပေါ် ၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုးခတ်ခြင်း၊ သီးနှံများ ဖျက်ဆီးခြင်း၊ စီမံကိန်း ဗဟိုချက်အတွင်း ပါဝင်နေသည့် လယ်တီဆရာတော်၏ စေတီတော်နှင့် သိမ်တော်ပျက်စီးစေနိုင်သည့် မိုင်းခွဲမှုများ ပြုလုပ်နေခြင်း စသည့်ဖြစ်စဉ်များကြောင့် ဒေသခံများနှင့် ၀မ်ပေါင်ကုမ္ပဏီအကြား အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွင်း လုပ်ငန်းများ လည်ပတ်လုပ်ဆောင်ရာတွင် ယခင် စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများတွင် ကြေးနီထုတ်ယူသည့် နည်းစနစ်များဖြင့် စနစ်တကျ လုပ်ဆောင်မည်ဖြစ်သည်။ စံပယ်တောင်နှင့် ကြေးစင်တောင်များမှ ကြေးနီထုတ်ယူရာတွင် ဓာတုနည်းများ အသုံးပြုခဲ့သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့်အတွက် ယခုလက်ပံတောင်းတောင် စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာများ ကြုံတွေ့မည် မဟုတ်ကြောင်း မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ဒုတိယအထွေထွေ မန်နေဂျာ Mr. Luo Daqing က ပြောကြားသည်။

ထို့ပြင် လက်ပံတောင်းတောင် စီမံကိန်း အပါအ၀င် ကြေးနီထုတ်ယူမှုများ ရှိနေသည့် သတ္တုဇုန် အတွင်း နေထိုင်သည့် ကျေးရွာသားများတွင် သတ္တုတူးဖော်ခြင်း လုပ်ငန်းစဉ်များကြောင့် ရောဂါဖြစ် ပွားသည့် ဖြစ်စဉ်များ မရှိကြောင်း အဆိုပါ ကျေးရွာအများစုသို့ လှည့်လည်ကုသ ပေးနေ သည့် ဒေါက်တာ စကြာစိုးက ဆိုသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်များတွင် ကြေးနီထုတ်ယူစဉ်က သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိဟု မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူက ပြောဆိုသော်လည်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင်မူ စံပယ်တောင်နှင့် ကြေးစင်တောင် လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ Construction Environment and Social Management ကိုလည်း အောက်တိုဘာ တတိယပတ်အတွင်း ရေးသားထုတ်ဝေထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment