Pages

Tuesday, November 5, 2013

ပုံနှိပ်စက်ချို့ယွင်းမှုကြောင့် ကြေးမုံသတင်းစာ ဖြန့်ချိမှု နောက်ကျခဲ့


Tuesday, November 5, 2013

နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် ကြေးမုံသတင်းစာ ပုံနှိပ်စက်ချို့ယွင်းခြင်းကြောင့် နိုဝင်ဘာလ ၅ရက်က ရန်ကုန်တိုင်းအနီးတစ်ဝိုက်တွင် သတင်းစာဖြန့်ဝေမှု နောက်ကျခဲ့သည်ဟု ကြေးမုံသတင်းစာဖြန်ချိသည့် ကိုယ်စားလှယ်များက ပြောသည်။

ယင်းကဲ့သို့ နေ့စဉ်ထုတ်ကြေးမုံသတင်းစာ ထုတ်ဝေမှုနောက်ကျခဲ့ခြင်းသည်ပုံနှိပ်စက်ချို့ယွင်းခြင်းကြောင့် နောက် ကျ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအနီးတစ်ဝိုက်တွင်သာ နောက်ကျခဲ့သည်ဟု သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စီမံရေးရာဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။ ထို့အပြင် သတင်းစာ ထုတ်ဝေမည့် သုံးပုံတစ်ပုံ ရိုက်နှိပ်ပြီးချိန်တွင် စက်ချို့ယွင်းခဲ့သည်ဟု ဆိုသည်။

“နေ့လည်(၁၂)နာရီအထိ နောက်ကျတယ်ဆိုတာတော့မဟုတ်ဘူး။ ခုနှစ်နာရီလောက်ကတည်းက ရိုက်ပြီးသားတွေကို ဖြန့်ဝေနေတာပါ။ (၁၂)နာရီမှအားလုံးကိုဖြန့်ဝေတာမဟုတ်ပါဘူး” ဟု ဦးဝင်းဇော်ဌေးက ပြောသည်။

ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့သည် ယခင်က မနက်ငါးနာရီခန့်တွင် ကိုယ်စားလှယ်များထံ ရောက်သော် လည်း နိုဝင်ဘာလ၅ရက်တွင် နောက်ကျခဲ့ပြီး ရွှေဂုံတိုင်လက်ကားဒိုင်တွင်မူ နံနက် ၁၀နာရီအထိ သတင်းစာ မရောက်ရှိသေးကြောင်း ရွှေဂုံတိုင်မှ သတင်းစာဖြန့်ဝေသူများက ပြောသည်။

“ဒီနေ့နောက်ကျတာဘာမှကို လုပ်လို့မရတော့ဘူး။ အရင်ကဆိုငါးနာရီလောက်ကတည်းကရတာ အခုဖြန်တဲ့အခါ ပရိတ်သတ်ကိုသေချာပြောရမှာပေါ့”ဟု ရွှေဂုံတိုင်၊ မင်္ဂလာဒုံ၊ပုလဲ၊ နီလာမြို့သစ်တို့တွင် ကြေးမှုံနှင့်မြန်မာ့အလင်း သတင်းစာစောင်ရေ (၇၀၀၀၀)ခန့်ဖြန့်ဝေနေသူ ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။

နိုင်ငံပိုင်သတင်းစာများသည် ၂၀၀၈ခုနှစ်က နာဂစ်မုန်တိုင်းကာလတွင်ပင်သတင်းစာထုတ်ဝေမှုကို နောက်ကျခြင်း မရှိ ခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတိုက်တွင် ၉နှစ်ကြာ အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်ခဲ့သူ စံတော်ချိန်သတင်းစာ၏ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment