Pages

Monday, November 25, 2013

အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ထွက်ရှိရန် အသင့်ဖြစ်နေပြီး လာမည့်လွှတ်တော်တွင် တင်သွင်းကာ အတည်ပြု ပြဋ္ဌာန်းမည်

25-11-2013

လက်ရှိကာလ၌ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ထွက်ရှိနိုင်ရေးအတွက် အဆင်သင့် ဖြစ်နေပြီးလာမည့်လွှတ်တော်တွင်တင်သွင်းကာအတည်ပြု ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောကြားခဲ့သည်။

"ခုချိန်မှာ SME Law (အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ) မှာ အဆင် သင့် ဖြစ်နေပြီ။ နောင်လာမယ့် လွှတ်တော်မှာ တင်မယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးပြီးရင် အတည်ပြ ဋ္ဌာန်းမှာ ဖြစ်ပါတယ်" ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်းမှာ ၆၄၀၀၀ ကျော်အထိ ရှိနေပြီး တရားဝင် မှတ်ပုံတင်မှု မရှိသည့် လုပ်ငန်းများမှာ ၆၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိနေကြောင်း သိရသည်။

"SME တွေက မှတ်ပုံတင်ဖို့ မလိုဘူး၊ မှတ်ပုံတင်ရင် ၀န်ထုပ်ဝန်ပိုး ဖြစ်တယ်လို့ ယူဆကြတယ်။ တကယ်တော့ မှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်မှ SME ရဲ့ ဖြစ်တည်မှုကို သိမယ်။ ဒါမှ သူတို့ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်မယ်။ SME တွေရဲ့ အဓိက လိုအပ်ချက်က သုံးခုရှိတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်ထိုးဖောက် နိုင်မှုပဲ။ SME တွေဟာ ခုချိန်မှာ အခက်အခဲနဲ့ ရင်ဆိုင်နေရဆဲ" ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ လုပ်ငန်းများအား အမျိုးအစား ခွဲခြားရာတွင် ကျပ်သန်း ၅၀၀ အောက် လုပ်ငန်းများကို အသေးစား လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ကျပ်သန်း ၅၀၀ အထက် လုပ်ငန်းများအား အလတ်စား လုပ်ငန်းဟု သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ဘဏ်ချေးငွေ အတိုးနှုန်းအား ၈ ဒသမ ၅၀ ကျပ်နှုန်းဖြင့် ထုတ်ချေးပေးနေပြီး အဆိုပါ ပမာဏမှာ များပြားနေဆဲ ဆိုသော်လည်း ထိုကဲ့သို့ ချေးငွေ ထုတ်ချေး ပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်မှ ၈ ဒသမ ၂၅ ကျပ် အတိုးနှုန်းဖြင့် ရယူရခြင်းဖြစ်ကာ အာဆီယံ နိုင်ငံများအတွင်း များပြားခြင်း မရှိသည့် အတိုးနှုန်းသာဖြစ်ကြောင်း အသေးစားအလတ်စား လုပ်ငန်းများဆိုင်ရာ အစိုးရ အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်ထားသည်။

Eleven  Media  Group

No comments:

Post a Comment