Pages

Tuesday, November 26, 2013

လက်ပံတောင်း တောင်ကြားစေတီ စိန်ဖူးတော်သစ်တင်ပွဲ တားမြစ်ခံရ



26.11.2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း မိုင်းခွဲမှုကြောင့် စိန်ဖူးတော်မြေခခဲ့ရသည့် လယ်တီ သိမ်တော် တောင်ကြားစေတီတွင် စိန်ဖူးတော်အသစ်ပြန်လည်ပူဇော်ရန် ဒေသခံများက စီစဉ်ထားသည်ကို အကောင်အထည်မဖော်ရန် စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီး ဦးတင်ဝင်းက မုံရွာမြို့ ဘုရားကြီး ရပ်ကွက်ရှိ ချမ်းသာကြီးကျောင်းတိုက်တွင် ဒေသခံသံဃာများထံ နိုဝင်ဘာလ ၂၆ရက်က လာရောက် လျှောက်ထားခဲ့သည်။

“ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်ထားတဲ့ စီမံကိန်းလုပ်ငန်း နယ်မြေအတွင်းမှာဖြစ်တာကြောင့် ဒီပွဲကိုမပြုလုပ် ဖို့ရန်အရှင်ဘုရားမှ တာဝန်ယူ ပြောကြားပေးဖို့ တပည့်တ်ာတို့က လျှောက်ထားအပ်ပါတယ်ဘုရား"ဟု စစ်ကိုင်းတိုင်း သာသနာရေးဝန်ကြီး ဦးတင်ဝင်းက လျှောက်ထားခဲ့သည်။

ယင်းသို့ လျှောက်ထားခြင်းကို ချမ်းသားကြီးကျောင်းတိုက် ခန်းနေဆရာတော် ဥူးဝဏ္ဏသိန္ဒိက ဒေသခံ သံဃာတော်များနှင့် ရွာသူရွာသားများ၏ သဘောဆန္ဒအလျှောက် စိန်ဖူးတော်အသစ်ပြန်လည်တင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြန်လည် မိန့်ကြားခဲ့သည်။

ထိုသို့ လယ်တီသိမ်တော် တောင်ကြားစေတီကို လက်ပံတောင်းသပိတ်စခန်းအား ဖြိုခွင်းခဲ့ခြင်း တစ်နှစ်ပြည့် သည့်နေ့ ( နိုဝင်ဘာလ ၂၉ရက်)တွင် စိန်ဖူးတော်အသစ်တင်ရန် ဒေသခံ သံဃာများနှင့် ရွာသူရွာသား များက နိုဝင်ဘာလ ၂၅ရက်တွင် မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်ဟု အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တောင်ကြားစေတီစိန်ဖူးတော်အသစ်ကို နိုဝင်ဘာလ ၂၆ရက်တွင် မန္တလေးမြို့မှ လက်ပံတောင်းတောင်ဒေ သသို့ ပင့်ဆောင်လာမည်ဖြစ်သည်။

သို့သော် သာသနာရေးဝန်ကြီးက လာရောက်တားမြစ်သဖြင့် စိန်ဖူးတော် အသစ်နှင့် ယခင်စိန်ဖူးတော် အဟောင်းနှစ်ခုကို လက်ပံတောင်းဒေသ တုံရွာရှေ့ရှိ ဇရပ်တွင် အပူဇော်ခံထားရှိမည်ဟု ဆရာတော် ဥူးဝဏ္ဏသိန္ဒိ က မိန့်သည်။

ဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းအတွက် မိုင်းခွဲခြင်းကြောင့် လုပ်ငန်းခွင်အနီးရှိ တောင်ကြားစေတီ စိန်ဖူးတော်သည်၂၀၁၂ခုနှစ် အောက်တိုဘာလတွင် မြေခခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ မြေခခဲ့သည့် စိန်ဖူးတော်ကို အောက်တိုဘာလ ၁၈ရက်တွင် စိန်ဖူးတော်တင်လှူပွဲ ဖြစ်မြောက်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ချမ်းသာကြီးကျောင်းတိုက် ခန်းနေဆရာတော် ဥူးဝဏ္ဏသိန္ဒိက လက်ခံရရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

ယင်းသို့ စိန်ဖူးတော်မြေခခြင်းနှင့် စိန်ဖူးတော်သစ်အား ပြန်လည်တင်ဆောင်မည့်ကိစ္စများနှင့် ပတ်သက်၍ ဆည်တည်းကျေးရွာသစ် စီမံကိန်းကျေးရွာရှိ ဝမ်ပေါင်ကုမ္ပဏီ၊ ဆက်ဆံရေးရုံးမှ ရုံးအဖွဲ့ဝင်တစ်ဦးကို မဇ္ဈိမက သွားရောက်မေးမြန်းရာ "ဒီကိစ္စက လူကြီးတွေပဲ အဆုံးအဖြတ်ပေး ပြောကြားနိုင်ပါတယ်" ဟု ပြန် လည်ဖြေကြားခဲ့သည်။ မဇ္ဈိမက ဝမ်ပေါင်ကုမ္ပဏီရုံးကို သွားရောက်မေးမြန်းသော် လည်း ဖြေကြားခြင်း မရှိပေ။

လယ်တီတောင်ကြားစေတီသည် ဝမ်ပေါင်ကုမ္ပဏီ ကြေးနီစီမံကိန်း နယ်မြေထဲတွင် ရှိနေပြီး ပုဒ်မ ၁၄၄ ထုတ်ထားသော နယ်မြေလည်းဖြစ်သည်။ ထိုတောင်ကြားစေတီအား နိုဝင်ဘာလ အစောပိုင်း တွင် ဒေသခံများက ဖူးမြော်ခွင့်တောင်းသဖြင့် နိုဝင်ဘာလ ၂ရက်မှစတင်ကာ လုံခြုံရေးအင်အားကို ယခင် ငါးယောက်မှ သုံးဆယ်တစ်ယောက်အထိ တိုးမြှင့်ချထားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment