Pages

Wednesday, November 13, 2013

မွန်နှစ်ပါတီပေါင်းနိုင်ပြီဖြစ်၊ ၂၀၁၄ ဇန်န၀ါရီတွင် တရားဝင်မှတ်ပုံတင်မည်

13.11.2013

မွန်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပါတီသစ်တစ်ခုအဖြစ် ပူးပေါင်ကာ ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် မှတ်ပုံတင်တော့မည်ဟု မွန်ဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်အမှုတောင် ဦးနိုင်စိုးမြင့်က နိုဝင်ဘာ ၁၃ရက်တွင် မဇ္ဈိမကို ပြောသည်။

"ပါတီနာမည်သစ်ရွေးပြီး ဇန်န၀ါရီလမှာ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက် သွားမှာပါ"ဟု ၄င်းကပြောသည်။

ယင်းသို့ ပါတီမှတ်ပုံတင်ရန်အတွက် နိုဝင်ဘာ ၂၂ရက်၌ မော်လမြိုင်မြို့ ဈေးချိုရပ်ကွက်ရှိ ဓာတုမာလာဘုန်းကြီးကျောင်းတွင် အစည်းအဝေး တစ်ခုပြုလုပ်မည်ဟု ဦးနိုင်စိုးမြင့်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း ယင်းကို အတည်ပြုခဲ့ပြီး ဒီဇင်ဘာလတွင် ပူးပေါင်းပါတီ၏ ဗဟို အလုပ်အမှုဆောင်များကို အပြီးသတ်ရွေးချယ်သွားမည်ဟု ပြောသည်။ထိုသို့ပေါင်းစည်းပြီးပါက မွန်တစ်မျိုးသားလုံး လက်ခံ သဘောတူ သည့် မူဝါဒလမ်းစဉ်များ ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ၄င်းက ဆိုသည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးကို ၂၀၁၂ခုနှစ်၊ နှစ်ဆန်းပိုင်းက စတင်ညှိနှိုင်းခဲ့ကြခြင်းဖြစ်ပြီး ပြေလည်မှုမရရှိသည့်အတွက် ထိုနှစ် ဧပြီလတွင် မွန်အမျိုးသားထုကို ကိုယ်စားပြုနိုင်သည့် ရာမညနိကာယ သံဃာတော်အဖွဲ့အစည်းက ၂၀၁၄ခုနှစ် ဒီဇင်ဘာလ မတိုင်မီ မွန်ပါတီနှစ်ခု ပူးပေါင်းနိုင်ရန်၊ နှစ်ပါတီမှ ကိုယ်စားလှယ်များ လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးရန်နှင့် တစ်ပါတီတည်းအဖြစ် ပေါင်းစည်း သည့် အခါ အမည်သစ်သတ်မှတ်ရေး ဆွေးနွေးရန် မူများ ချမှတ်ခဲ့သည်။

မွန်ဒီမိုကရေစီပါတီသည် ၁၉၈၈ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကာလတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်သည်။ ၁၉၉၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်းပါဝင်ယှဉ်ပြိုင် ခဲ့ပြီး စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ခုနှစ်၊ မေလ ၃၀ရက်တွင် မွန်ဒီမိုကရေစီပါတီ အမည်ဖြင့် ပြန်လည် တည်ထောင်ခွင့် ရရှိခဲ့သည်။ ပူးပေါင်းမည့် အခြားပါတီတစ်ခုဖြစ်သည့် မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီသည် ၂၀၁၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်သည်။
 
Mizzima

No comments:

Post a Comment