Pages

Saturday, November 23, 2013

IMF အုပ်ချုပ်မှု ဒါရိုက်တာ မြန်မာနိုင်ငံ လာမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ငွေကြေး ဖောင်းပွနှုန်း လျှော့ချခြင်း အပါအဝင် မြန်မာ့ငွေကြေး မူဝါဒများ ရေးဆွဲရာတွင် အကူအညီ ပေးနေသော နိုင်ငံ တကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ အုပ်ချုပ်မှု ဒါရိုက်တာ Ms. Madame Legarde က ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပြန်ကြားရေးဌာန ဒါရိုက်တာ Mr. Gerry Price က ပြောကြားသည်။

မြန်မာနိုင်ငံ အပါအဝင် တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ခရီးစဉ်အတွင်း လာရောက်မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ဝါရှင်တန်ဒီစီ မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Ms. Madame Legarde သည် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်မည် ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် အကြီးတန်း အုပ်ချုပ်သူများအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာသည် နိုင်ငံတကာ အမျိုးသမီး ခေါင်းဆောင်များ တက်ရောက်မည့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် ပြုလုပ်မည့် အမျိုးသမီး ဖိုရမ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးမည် ဖြစ်ပြီး ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသား များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံ တကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ထံမှ သိရသည်။

The  Voice

No comments:

Post a Comment