Pages

Thursday, December 12, 2013

ရှမ်းပြည် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် နောင်ထော်တွင် ကျင်းပ

နောင်ထော်၊ ဒီဇင်ဘာ ၁၂။

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၏ (၆၄)နှစ်မြောက် “ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့” ပွဲတော် အခမ်းအနားကိုရှမ်းပြည်နယ်၊ ဆီဆိုင်မြို့၊ နောင်ထောင်ကျေးရွာတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် မနက်ပိုင်း၌ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ အလံတော်အား အလေးပြုခြင်းနှင့် တော်လှန်ရေးကာလအဆက်ဆက်တွင် တိုက်ပွဲဝင် ကျဆုံးခဲ့ပြီးသော အာဇာနည် သူရဲကောင်း အပေါင်းတို့အား လွမ်းသူ့ပန်းခွေချခြင်းနှင့် ဦးညွှတ်အလေးပြုခြင်းများကို ပြုလုပ်ခဲ့သည်။ ပြီးနောက် ပြန်ကြားရေးရုံးမှ လူထုအစည်းအဝေးကျင်းပရာနေရာစီသို့ နိုင်ငံတော်အလံနှင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအလံများ ကိုင်ဆောင်ကာ ချီတတ်ခဲ့ကြသည်။

လူထုအစည်းအဝေးပွဲ၌ ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ဗဟိုကော်မတီမှ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေမှ ဖယ်ဒရယ်ရေးရာကိစ္စရပ်များအပါအ၀င် ၂၀၀၈ အခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲရန်စသော အကြောင်းအရာများနှင့်အတူ လူထုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ ဗဟိုကော်မတီမှ တော်လှန်ရေးနေ့ကို ဂုဏ်ပြုသော အကြောင်းအရာ (၁၁)ချက်ပါရှိသော ထုတ်ပြန်ကြေငြာချက်ကို ဖတ်ကြားခဲ့သည်။ ယင်းထုတ်ပြန်ကြေငြာချက်တွင် မြန်မာနိုင်ငံသား စစ်အာဏာရှင်အစိုးရများ လက်ထက်က လယ်ယာမြေများကို သိမ်းဆည်းရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုးမဟုတ်ပဲ အဖွဲ့အစည်းတစ်ရပ်၊ ဌာနတစ်ခု၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များ အကျိုးအတွက်သာ ဖြစ်သောကြောင့် လုံးဝတရားမျှတမှုမရှိသော လုပ်ရပ်များဖြစ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မျက်မှောက်(တိုင်းပြည်) အခြေအနေ၌ ဒီမိုကရေစီ စံထားချက်များနှင့် မညီညွတ်၊ အလွန်အရေးကြီးသော “ပြည်တွင်းငြိမ်းချမ်းရေးအတွက်လိုအပ်သော တိုင်းရင်းသားများ အခွင့်အရေးကို အာမခံရေးနှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက်” အဟန့်အတား ဖြစ်သည်ဆိုသော စသည့် အကြောင်းအရာများလည်းပါဝင်သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။ အဆိုပါ ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ကို ယခုဒီမိုကရေစီအစိုးရသစ်လက်ထက်၌ ပြန်လည်ကျင်းပခဲ့သည်မှာ (၂)နှစ်သာ ရှိသေးကြောင်း သိရှိရသည်။

ဖိုးစနေ
The Myanma Age

No comments:

Post a Comment