Pages

Thursday, December 12, 2013

တရားမ၀င် သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၀၀ ခန့် တန်ကြေးရှိ ကျောက်စိမ်းတုံးများ လားရှိုး (Mobile Team) အဖွဲ့မှ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ကျောက်စိမ်းတင်ဆောင်လာသည့် ယာဉ်အားတွေ့ရစဉ် (ပုံကြီး)နှင့် သိမ်းဆည်း ရမိသော ကျောက်စိမ်းတုံး အား တွေ့ရစဉ်(ပုံသေး)
12.12.2013

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှု လမ်းကြောင်းဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ စားသုံးသူ အကာအ ကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လှုပ်ရှားစစ်ဆေးရေး အဖွဲ့သည် လားရှိုးမြို့၊ ခေးနင်းကျေးရွာ အနီး၊ အေးရှားဝေါလ် တိုးဂိတ်အနီးရှိ စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂ နာရီခန့်က မန္တလေးဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် (၂ဃ/၁၆၉၀)မတ်တူး အမျိုးအစား (အဖြူရောင်) လိုင်စင်မဲ့ မော်တော်ယာဉ် အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဖုံး အတွင်းနှင့် ယာဉ်ကိုယ်ထည် ထိုင်ခုံအောက် ကူရှင် နောက်ပိုင်းတွင် လျှို့ဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးအကြီး ကိုးတုံး၊ အတုံးသေး ၂၁၈ တုံး၊ စုစုပေါင်း ၂၂၇ တုံး၊ အလေးချိန် ၆၈၅ ဂရမ်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးများနှင့် လိုင်စင်မဲ့ယာဉ်အား လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနသို့ စနစ်တကျ အပ်နှံခဲ့ပြီး ၎င်းတို့ စီးနင်း မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်အား ခန့်မှန်းတန်ဖိုး ကျပ် ၃၅ သိန်း ၊ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးများအား ခန့်မှန်း တန်ဖိုး ကျပ်သိန်း ၇၀၀ သတ်မှတ်ပြီး အကောက်ခွန် အမှုတွဲ ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေး အဖွဲ့သည် ဒီဇင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ စစ်ဆေးသိမ်းဆည်း ရမိသည့် တရားမ၀င် သယ်ဆောင် လာသည့် ကုန်ပစ္စည်း တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၈၉၉ သိန်းကျော်ခန့် ရှိပြီဖြစ်ကြောင်း လားရှိုး Mobile Team အဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

"လတ်တလော သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက စစ်ဆေးရေး ဂိတ်မှာပဲ မိတာပါ။ ဒီတစ်လတော့ ရှောင်ကွင်းလမ်းတွေမှာ မမိသေးပါဘူး။ ဒီကျောက်စိမ်းတွေကတော့ ဒီတစ်ပတ်အတွင်း တန်ဖိုးအကြီးဆုံး အနေနဲ့ သိမ်းဆည်းရမိ ထားတာပါ" ဟု အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။

ယခုလအတွင်း သိမ်းဆည်းရမိ ပစ္စည်းများမှာ ဆိုင်ကယ်အပို ပစ္စည်းများ၊ ရေဒီယို၊ ဂဏန်းတွက်စက်၊ မော်တော်ကား အပိုပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများ၊ တရုတ်နိုင်ငံထုတ် အ၀တ်အထည်များ၊ အထည်အလိပ်များ၊ စားသောက်ကုန် ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

EMG

No comments:

Post a Comment