Pages

Thursday, December 26, 2013

ကန့်သတ်နယ်မြေကျော် တရုတ်နိုင်ငံသား ၁၈ ဦး ဒဏ်ငွေ ကျပ်ငါးသိန်းစီ ချကာ ပြည်နှင်

26.12.2013

မန္တလေးမှ ကချင်ပြည်နယ်သို့ သွားရောက် လေ့လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးသည် ကန့်သတ် နယ်မြေ ဖြစ်သည့် တနိုင်းမြို့နယ် ကောင်ရာကျေးရွာသို့ ခွင့်ပြုချက်မရှိဘဲ သွားခဲ့သဖြင့် တစ်ဦးလျှင်ဒဏ်ငွေ ငါးသိန်းကျပ်စီ ပေးဆောင် စေကာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း မန္တလေး တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၈ ဦးသည် မန္တလေးမှ မြစ်ကြီးနားသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရထားဖြင့် သွားရောက် လေ့လာခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ခွင့်ပြုမိန့် တောင်းခံခြင်းမရှိဘဲ ကန့်သတ် နယ်မြေ ဖြစ်သည့် ကောင်ရာ ကျေးရွာသို့ သွားရောက် လည်ပတ်ခဲ့သဖြင့် ပြည်နှင်ဒဏ် ချမှတ်ခဲ့ကာ တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ ပို့ဆောင်ရန်အတွက် မြစ်ကြီးနားမြို့မှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ လွှဲပြောင်း ပေးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၈ ဦးကို ကချင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနက လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၄/(၂)/၂၀၁၃ ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မြစ်ကြီးနားမြို့နယ် တရားရုံးက ရာကြီးအမှတ် ၁၂၈၄၁/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ကာ ပြည်နှင်ဒဏ် ချမှတ်ခဲ့ပြီး တစ်ဦးလျှင် ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် ကျပ်ငါးသိန်းစီ ချမှတ်ခဲ့ရာ ငွေဒဏ် ပေးဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအုပ်စု၊ ဓားသွေးချောင်း ဒေသရှိ အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် အကျိုးတူခဲ၊ သတ္တု တူးဖော်လျက်ရှိသော စိန်နက် ခဲသတ္တု တူးဖော် ကုမ္ပဏီတွင် တရားမဝင် နေထိုင်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား တစ်ဦးကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြည်နှင်ဒဏ် ပေးခဲ့သည်။

အဆိုပါ ကုမ္ပဏီတွင် သြဂုတ်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံသား နှစ်ဦးသည် အနက်ပေ ၂၀၀ ရှိ အက်တာအမှတ် (၂) အတွင်း ခဲ၊ သတ္တု တူးဖော်ရန် ယမ်းများ တပ်ဆင်မီးရှို့ရာ မှ ပေါက်ကွဲ ခဲ့သဖြင့် ကျောက်တုံး/ကျောက်ခဲများ လွင့်စဉ် ထိမှန်ပြီး တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ ကျန်တစ်ဦးမှာ ဒဏ်ရာများကို ဆေးကုသမှု ခံယူပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသားကို မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ ပို့ဆောင်ခဲ့ရာ တိုင်းလဝကမှူးရုံးက လဝက အက်ဥပဒေ၇ (၁) အရ ပြည်နှင်ဒဏ်ပေး၍ စက်တင်ဘာလ ၂၆ ရက်နေ့တွင် China Eastern Airline ဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ကူမင်းလေဆိပ်သို့ ပို့ဆောင် ပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment