Pages

Friday, December 20, 2013

ထီးချိုင့်တွင် မိုးသီးဒဏ်ကြောင့် စပါးနှင့် အခြားသီးနှံ စိုက်ဧက ၅၀၀ ကျော်ပျက်စီး

20.12.2013

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ဆပ်ကျောက်ကျေးရွာ အုပ်စုရှိ ကျေးရွာ ငါးရွာတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ညက မိုးရွာသွန်းမှုနှင့် အတူ မိနစ် ၃၀ ခန့် ကြွေကျခဲ့သော မိုးသီးများကြောင့် စိုက်ပျိုးထားသော စပါးနှင့် အခြားသီးနှံ စိုက်ဧက ၅၄၂ ဧကခန့်သည် ထိခိုက်ပျက်စီး ခဲ့ရကြောင်း ဆပ်ကျောက်ကျေးရွာ အုပ်စုရှိ တောင်သူလယ်သမား များက The Voice သို့ ပြောကြားသည်။

ဆပ်ကျောက်အုပ်စုရှိ ဝန်တင်ကုန်း ကျေးရွာ၊ ကိုးတဲကျေးရွာ၊ ဆပ်ကျရွာမ ကျေးရွာ၊ ဆပ်ကျကျွန်းကျေးရွာ စသည့် ကျေးရွာငါးရွာတွင်မိုးသီးဒဏ်ကြောင့်စပါးဧက၁၀၀ခန့်နှင့်အခြားသီးနှံများ ဖြစ်သော မြေထောက်ပဲ၊ မြေပဲ စသည့် စိုက်ဧက ၄၄၂ ဧကခန့်ထိခိုက်ပျက်စီးခဲ့ကြောင်းအဆိုပါ ကျေးရွာဒေသခံ တောင်သူလယ်သမားများ ထံမှ သိရသည်။

"အဲ့ဒီနေ့က ညပိုင်း မိုးရွာတယ်။ မိုးသီးကြွေကျတော့ စိုက်ခင်းတွေက မိုးသီးတွေပိလို့ ပျက်စီးသွားကြတယ်။ ဘယ်လိုမှ သုံးမရတော့ဘူး။ စပါးနဲ့ မြေပဲတွေပေါ့" ဟု ကိုးတဲကျေးရွာ ဒေသခံတောင်သူ ဦးနေဝင်းက ဆိုသည်။

ထီးချိုင့်မြို့နယ် ဆပ်ကျောက် ကျေးရွာအုပ်စု၌သာ မိုးသီးကြွေ ကျခြင်းကြောင့် စပါးနှင့် မြေပဲစိုက်ဧက အချို့ ထိခိုက်မှု ဖြစ်ခဲ့သော်လည်း အမှန်တကယ် ပျက်စီးမှု ကြုံတွေ့ရသည့် စိုက်ဧကမှာ ၅၀ခန့် သာ ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေက The Voice ၏ ဆက်သွယ်မေးမြန်း မှုကို ပြန်လည် ဖြေကြားသည်။

အဆိုပါ မိုးသီးကြောင့် ပျက်စီးသွားသည့် စိုက်ဧကများ၌ လုပ်ကိုင်လျက် ရှိသော တောင်သူလယ်သမား များ၏ အမှန်တကယ် လိုအပ်သော အကူအညီကို ဆွေးနွေး တောင်းခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများဘက်မှလည်း လိုအပ်သော အကူအညီများ ပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

လက်ရှိ မန္တလေးမြို့တော် ပဲမျိုးစုံ ဈေးကွက်အတွင်းသို့ နှစ်စဉ် ဝင်ရောက်လျက် ရှိသော နယ်ဒေသများ ထွက် ဆောင်းမြေပဲ များမှာ ဈေးရရှိမှုနည်း၍ ဈေးကွက်အဝင် ထက်ဝက်ခန့် နည်းပါးလျက်ရှိကြောင်း မန္တလေးမြို့ အခြေစိုက် မြေပဲကုန်သည်များ ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment