Pages

Tuesday, February 11, 2014

သီလဝါအများပိုင်ရှယ်ယာ နယ်ဘဏ်ခွဲများတွင်ပါ ဝယ်ယူနိုင်ရန် ဆောင်ရွက်မည်

11.2.2014

သီလဝါ အထူးစီးပွားရေးဇုန်ကို တာဝန်ယူ တည်ဆောက် ရင်းနှီးမြှုပ်နှံမည့် သီလဝါ အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို နယ်မြို့များရှိ ဘဏ်ခွဲများမှ တစ်ဆင့် ဝယ်ယူနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ရှယ်ယာများကို အများပြည်သူ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေး အတွက် ရန်ကုန်မြို့ တွင်သာမက နယ်မြို့များရှိ ဘဏ်ခွဲများတွင်ပါ ဝယ်ယူနိုင်ရန် ဘဏ်ငါးခုနှင့် ဆွေးနွေးလျက် ရှိကြောင်း၊ ယခုနှစ် မတ်လပထမပတ်တွင် စတင်ရောင်းချမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
"ဘဏ်ခွဲတွေက တစ်ဆင့် အဆိုပြု ဝယ်ယူနိုင်ဖို့ ဘဏ်ကြီးငါးဘဏ်နဲ့ ဆွေးနွေးနေပါတယ်။ နောက်ပြီးတော့ ပြည်သူအားလုံး ပါဝင်နိုင်အောင် ရှယ်ယာရောင်းချ တဲ့နေရာမှာ ရှယ်ယာအများဆုံး ဝယ်ယူခွင့် ကိုလည်း သတ်မှတ်ဖို့ရှိပါတယ်" ဟု ၄င်းက ပြောဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် သူများကို ယခုနှစ် ဧပြီလဆန်းတွင် မြေများ စတင်ရောင်းချမည် ဖြစ်ပြီး နိုင်ငံတကာ ဈေးနှုန်းများထက် ပိုမိုသက်သာသော နှုန်းထားဖြင့် ရောင်းချမည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

ရှယ်ယာရောင်းချမှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိစေရေး အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ် ထားကြောင်း သီလဝါ အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ခဲ့ပြီး မြေဟက်တာ ၄၀၀ အကျယ်အဝန်းတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment