Pages

Saturday, December 29, 2012

သတင်းအတတ်ပညာ ဘာသာရပ်သင်ကြားမှုဆိုင်ရာ လိုအပ်ချက်များအတွက် ပညာရေးဝန်ကြီးဌာန၏ တောင်းဆိုမှုအပေါ် ယူနက်စကို ကူညီမည်


ဒီဇင်ဘာ(၂၉)

အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ထားသည့် သတင်းအတတ်ပညာ B.A (Journalism) ဘာသာရပ်သင်ကြားမှုဆိုင်ရာ လိုအပ်ချက်များအတွက် ယူနက်စကိုမှ ဒေါ်လာနှစ်သောင်းခွဲကျော် ကူညီသွားမည်ဖြစ်ကြောင်း ယင်းကောလိပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် ယူနက်စကိုမှ ယခုကဲ့သို့ ကူညီခြင်းဖြစ်ပြီး စီမံကိန်းကာလမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း ယူနက်စကိုမှ နိုင်ငံတကာရှိ သတင်းအတတ်ပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအား ရွေးချယ်စေလွှတ် သင်တန်းပေးခြင်း၊ နည်းပညာအကူအညီများအပြင် လက်တွေ့ သင်ခန်းစာများ သင်ကြားရာတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း စသည်တို့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
“ယူနက်စကိုက ခုလိုကူညီတာ ဒီဘာသာရပ်အတွက် အများကြီး တိုးတက်လာဖို့ ရှိပါတယ်။ လက်ရှိသင်ကြားမှု အပိုင်းတွေ ကိုတော့ ပြန်ကြားရေးနဲ့ ပညာရေးဘက်က ပညာရှင်တွေ လာရောက်အားဖြည့် သင်ကြားပေးနေပေမယ့် ဖွင့်လှစ်တာ မကြာသေးတဲ့အတွက် မပြည့်စုံတဲ့အပိုင်းတွေလည်း ရှိနေပါသေးတယ်။ အဲဒါကြောင့် သင်ကြားမှု အပိုင်းမှာလည်း အခက်အခဲတွေ ရှိနေဆဲပါပဲ” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ထို့ပြင် ပညာရေးဘက်က အားစိုက်ထုတ်ရမည့် အပိုင်းများရှိသလို ပြန်ကြားရေးဘက်ကလည်း ပံ့ပိုးမှုများ ပြုလုပ်ပေးဖို့ လိုအပ်ကြောင်း၊ အတတ်နိုင်ဆုံး အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သတင်းအတတ်ပညာ ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ် လက်အောက်တွင်ထားရှိပြီး ဗိုလ်တထောင် မြို့နယ်ရှိ အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်တွင် ၂၀၀၇ ခုနှစ်မှ စတင်၍ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ခဲ့သည်။  ပညာသင်နှစ်တစ်နှစ်လျှင် ကျောင်းသားဦးရေ ၅၀ ခန့်သာ သတ်မှတ်ခေါ်ယူခဲ့သော်လည်း ယခုနှစ်ပိုင်းများတွင် စိတ်ဝင်စားသူ များပြားလာသည့် အတွက် ကျောင်းသားဦးရေ ထပ်တိုးခေါ်လာရကြောင်း သိရသည်။
အဆိုပါကျောင်းတွင် လက်ရှိတက်ရောက်နေသူ ကျောင်းသူတစ်ဦးကမူ “ခုသင်နေရတာက လက်ရှိမှာ ပြန်ကြားရေးနဲ့ ပညာရေးဘက်က ဆရာတွေပဲရှိပါတယ်။ ယူနက်စကိုက ကူညီမယ်ဆိုတာ အရင်နှစ်တွေကတည်းက ကြားနေပေမယ့် ကျောင်းသားတွေအပေါ် ခုချိန်ထိ ဘာမှထိရောက်မှု မရှိသေးဘူး” ဟု ပြောသည်။


EMG 

No comments:

Post a Comment