29.8.2013
တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို နေ့ချင်းပြီး အပြီးသတ်ထုတ်ပေးရန်
ပညာရေးဝန်ကြီးဌာနက တရားဝင် ကြေညာပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့တွင်
ရန်ကုန်နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ
စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့
ပြောကြားသည်။
"ဒီနေ့မှ စထုတ်တာ ဆိုတော့ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အားလုံးကိုတော့ နေ့ချင်းပြီး ဆောင်ရွက်ခဲ့တယ်" ဟု ၄င်းက ထပ်လောင်းပြောဆိုသည်။
အဆိုပါအောင်လက်မှတ် လာရောက် ထုတ်လိုသူများသည် လိုင်စင်ဓာတ်ပုံ နှစ်ပုံသာ
လိုအပ်ပြီး ကိုယ်စား ထုတ်သူများမှာ ၄င်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား
မိတ္တူအပြင် ကိုယ်စားထုတ်ရမည့် ကျောင်းသား၏ နိုင်ငံသားစိစစ်ရေး
ကတ်ပြားမိတ္တူပါ လိုအပ်ကြောင်း၊ သို့သော် ရန်ကုန်တိုင်း ဒေသကြီး အတွင်းက
ကိုယ်စားလာရောက် ထုတ်လိုသူများအတွက်မူ သန်းခေါင် စာရင်းဝင် မိသားစုများ
ကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က
ပြောကြားသည်။
ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းက ကိုယ်စား
ထုတ်ယူသူများသည် သန်းခေါင်စာရင်း မိတ္တူပါ လိုအပ်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်တန်း
အောင်လက်မှတ် နေ့ချင်းပြီးပထမဆုံး စတင်ထုတ်ပေးသည့် နေ့တွင် ရန်ကုန်မြို့၌
၇၀ ဦးနှင့် နေပြည်တော်၌ ၁၈ ဦးတို့ကို ထုတ်ပေးခဲ့ကြောင်း အဆိုပါ
စာစစ်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
The Voice
No comments:
Post a Comment