မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ ကျော်ကို ပြစ်ဒဏ်ချ
29.8.2013
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌် ပြီးခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က
ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မီးရှို့မှုများ ကျူးလွန်ခဲ့သူ ဘင်္ဂါလီလူမျိုး
၇၄ ဦးကို ပြစ်မှုကျူးလွန်မှုအလိုက် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ်၊
ခုနစ်နှစ်စသော ထောင်ဒဏ်များ ကျခံစေရန် မောင်တောခရိုင် တရားရုံးက သြဂုတ်လ
၂၁ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ
သိရှိရသည်။
မောင်တောမြို့နယ်တွင်
သံဃာတော်တစ်ပါးကို သတ်ဖြတ်မှုဖြင့် ဘင်္ဂါလီသုံးဦးကို တစ်သက်တစ်ကျွန်း
ချမှတ်ခဲ့ပြီး ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း
ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။
မောင်တောမြို့နယ် ကံသာယာ အလယ်ရွာ မီးရှို့မှုကို ဦးဆောင်ခဲ့သူ
ရော်ရှီတာမောက်ပါ အပါအဝင် ခုနစ်ဦး၊ မောရဝတီကျေးရွာ ကျန်းမာရေး
ဆေးပေးခန်းကို မီးရှို့မှုဖြင့် ဘင်္ဂါလီ ခုနစ်ဦး၊ မောရဝတီကျေးရွာရှိ
အခြေခံပညာ မူလတန်းကျောင်း မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူဘီစလန် အပါအဝင် ၂၆
ဦး၊ ဘကုန်းနား ကျေးရွာအုပ်စုရှိ ဦးစောမောင် ပိုင်ဆိုင်သည့် ဗီဒီယိုရုံအား
မီးရှို့မှုကို ဦးဆောင်ခဲ့သူ ဒူလာမီပါ အပါအဝင် ၁၆ ဦးတို့ကို ထောင်ဒဏ်
ခုနစ်နှစ်စီ အသီးသီးပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သူ
မသီတာထွေးကို ဘင်္ဂါလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်မှုဂယက်နှင့် ဆက်စပ်ကာ
တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုများ ဆက်တိုက်
ဖြစ်ပွားပြီးနောက် မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဗလီဝတ်ပြုရာမှ
ပြန်လာသည့် ဘင်္ဂါလီများက အကြမ်းဖက်မှုများ ပြုလုပ်ရာမှ ပဋိပက္ခများ
ဖြစ်ပွားခဲ့သည်။
တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က
အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့
ဒေသခံခုနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့က
ဒုတိယအကြိမ်မြောက် တရားရုံးတင် စစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ်တွင်
နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပြစ်မှု
ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုပေါင်း ၂၉၅ မှုဖြင့် ဒေသခံ တိုင်းရင်းသားများနှင့်
ဘင်္ဂါလီများ စုစုပေါင်း ၁၁၈၉ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအနက် အမှုပေါင်း ၁၉၅
မှုတွင် ပြစ်မှုကျူးလွန်ခဲ့သူ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ၅၀၇ ဦးကို
ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အမှုပေါင်း ၄၅ တွင်
ပြစ်မှုကျူးလွန်ခဲ့သူဟုဆိုသူ ၆၆၂ ဦးကို ဆက်လက်စစ်ဆေး အရေးယူနေကြောင်း
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက
ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုထားသည်။
ယင်းပဋိပက္ခများကြောင့် လူပေါင်း ၁၉၀ ကျော် သေဆုံးပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
No comments:
Post a Comment